By Ko Paing / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဘိုးတဦး ခြေတစ်ဖက်ပြတ်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးသွား ကြောင်း Yesagyo Township Info Committee က ယနေ့(ဧပြီ ၁၈ ရက်) သတင်းထုတ်ပြန်သည်။
ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာကို ဧပြီ ၁၇ ရက်၊ ညနေ လေးနာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး ရော့ကက်နှင့်ပါ ပစ်ခတ်ခဲ့ရာ အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး ရော့ကက်နဲ့ပါပစ်တာ။ ဘုန်းတော်ကြီးကျောင်းနဲ့ ကျောင်းနားက အိမ်တွေကိုထိတာ။ ဒီနေ့တော့ လာပြီး တိုက်ခိုက်တာမျိုးမရှိသေးဘူး”ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတဦးက MPAသို့ ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တလုံးမီးလောင်ပျက်စီးကာ အခြားနေအိမ် ကိုး လုံးလည်းပျက်စီးပြီး ဘုန်းကြီးကျောင်း အဆောင်တခု၊ မီးစက်ရုံနှင့် အုတ်တံတိုင်းလည်း ပျက်စီးသွားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သေဆုံးသွားသူမှာ ဦးအောင်သန်းဖြစ်ပြီး ယနေ့(ဧပြီ၁၈ရက်)နံနက်ပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဧပြီ ၁၇ ရက်၊ ည ၈ နာရီကျော်ကလည်း မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာကို စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၅ဝ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး ပြည်သူလေးဦး ဒဏ်ရာရခဲ့သေးသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။