By Ra Wai / MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ညအချိန် စစ်တပ် ဗုံးကြဲခဲ့ရာ ပြည်သူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁၁ရက်၊ ည ၁၀နာရီခွဲခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံက သိရသည်။
” သူတို့ကတော့ အိမ်ထဲမှာနေတာပဲ။ အဲ့ဒီ ဗုံးကြဲလိုက်လို့ လူထိတာ။ အိမ်ပေါ်ကြီးတော့ တည့်တည့်မကျဘူးဗျ။ အိမ်အနီးပတ်ဝန်းကျင်ကို ကျလိုက်တာ” ဟု ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် Golden Hill ကေတီဗီအဆောက်အအုံ အနည်းငယ်ပျက်စီးပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်းသိရသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးရာ၌ နေထိုင်ရန်နှင့် ဗုံးခိုကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဧပြီ သုံးရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ခုနှစ်မိုင်ကျေးရွာအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အထိအခိုက်မရှိခဲ့ပေ။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။