By Hsu Yee / MPA
စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်အတွင်း ရှင်ပြုအလှူပွဲ ကျင်းပနေသည့်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး သုံးဦး သေဆုံးသွားကြောင်း သိရသည်။
ဧပြီ ၁၁ရက်၊ ညနေ ခုနစ်နာရီခန့်တွင် မင်းကင်းမြို့ အရှေ့မြောက်ဘက်၊ ချင်းတွင်းမြစ်အရှေ့ဘက် ကမ်းရှိ ဇင်ကလဲရွာသို့ ဂျက်ဖိုက်တာနှစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံးနှင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲ ချခဲ့ရာ နေအိမ်များအတွင်းရှိနေသည့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ကာ ပြည်သူ ငါးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိကြောင်း ဒေသတွင်းPDFရဲဘော်တစ်ဦးထံမှ သိရသည်။
“ သေဆုံးသူ သုံးယောက်ကတော့ မိန်းကလေးတွေချည်းပါဗျ။နှစ်ယောက်က ခါးပိုင်းကနေ ပြတ်သွားပါတယ်ဗျ။တခြားရွာကိုတော့ မပစ်ပါဘူး။ ဇင်ကလဲကိုပဲ ပစ်သွားတာပါဗျ” ဟု ၎င်းက MPA သို့ပြောသည်။
စစ်တပ် ကြဲချသည့်ဗုံးသည် ရှင်ပြုအလှူပွဲလုပ်နေသည့် အိမ်နားသို့ မကျဘဲ ကျေးရွာစာသင်ကျောင်း အနောက်ဘက်သို့တစ်လုံးနှင့် ရွာလယ်ခေါင်သို့ တစ်လုံး ကျရောက်ခဲ့ရာ နေအိမ် ၁၀လုံးနှင့်အထက် ပျက်စီးခဲ့ပြီး အသက် နှစ်နှစ်အရွယ်ကလေးတစ်ဦးနှင့် ၁၆နှစ်အရွယ် လူငယ်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သင်တော ပကဖအဖွဲ့ထံမှ သိရသည်။
“ နေရာ နှစ်နေရာ ချတာကနေ ရွာတစ်ခြမ်းနီးပါး က လူတွေထိသွားကြတာ “ ဟု သင်တော ပကဖမှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုအပြီး ရွာသားများအားလုံး ရွာစွန့်ခွာ တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
ယနေ့ (ဧပြီ ၁၂ရက်) နံနက် ၁၀နာရီခွဲဝန်းကျင်တွင်လည်း စစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့ရာ ရွာထဲရှိ နေအိမ်အချို့ ပျက်စီးမှုရှိကြောင်း သိရပြီး ရွာထဲသို့ ရှင်းလင်းရေးမဝင်နိုင် သေးသဖြင့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပေ။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။