By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ အသက်၇၀ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဧပြီ ၁၁ရက်၊ ညခုနှစ်နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာသို့ မြင်ခြံမြို့ ခမရ ၁၅မှ ပစ်ခတ်သည့် လက်နက်ကြီး လေးလုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရအမျိုးသမီးမှာ အသက် ၄၂နှစ်အရွယ်ဖြစ်ကြောင်း ဒေသတွင်းPDFရဲဘော်တစ်ဦးက ပြောသည်။
” အမျိုးသားတစ်ဦးက သေဆုံးသွားတာပေါ့။ မိန်ကလေးက ဒဏ်ရာရတာဗျ။ အိမ်ထဲနေရင်းဖြစ်တာ။ ဒဏ်ရာရတဲ့သူ အခြေအနေကောင်းပါတယ်” ဟု၎င်းက MPAသို့ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီခုနှစ်ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သဲတောကျေးရွာကို စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲခဲ့ရာ ပြည်သူတစ်ဦးဒဏ်ရာရပြီး နေအိမ်ငါးလုံးမီးလောင်ပျက်စီးခဲ့သေး သည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။