By Ra Wai / MPA
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် လမ်းလုံခြုံရေးစစ်ဆေးနေသည့် တော်လှန်ရေးရဲဘော်တို့၏ အမိန့်ကို မနာခံဘဲ ကားမောင်းပြေးသည့် ဗိုလ်ကြီး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။
ယနေ့ (ဧပြီ ၁၁ရက်) နံနက် ခြောက်နာရီခွဲဝန်းကျင်တွင် ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း-မိုင်းလမ်းမတစ်နေရာ၌ PDF ရဲဘော်များစစ်ဆေးရေးလုပ်နေစဉ် ဗိုလ်ကြီးတစ်ဦး စီးလာသည့် အိမ်စီးကားကို မသင်္ကာသဖြင့် ကားပေါ်မှဆင်းခိုင်းရာ ပြန်လှည့်မောင်းပြေးသဖြင့် ပစ်ခတ်ရာ ကျည်သင့် သေဆုံးသွားကြောင်း Danu State National Defence Army – DSNDA က သတင်းထုတ်ပြန်သည်။
” ကျတော်တို့က ပုံသေစစ်ဆေးနေတာမဟုတ်ဘဲ ရှောင်တခင်ပုံစံမျိုးဆိုတော့ လမ်းမှားတာတော့မဟုတ်လောက်ပါဘူးဗျ” ဟု Danu State National Defence Army – DSNDA မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းဗိုလ်ကြီးထံမှ သေနတ်အတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းနှင့် ငွေသားများသိမ်းဆည်းရရှိခဲ့ပြီး အလောင်းနှင့်ကားကို အခင်းဖြစ်နေရာ၌ပင် ထားခဲ့ကြောင်းသိရသည်။
ယင်းဗိုလ်ကြီးထံမှ သိမ်းဆည်းရရှိသောအချက်လက်နှင့် မြေပြင်စုံစမ်းချက်များအရ သေဆုံးသူမှာ ဗိုလ်ကြီးမျိုးဇော်သန်း ဖြစ်ပြီး ၊ ရွာငံမြောက်ဘက် မြို့အထွက်ဂိတ်တွင် အာဏာအရှိဆုံး ဖြစ်ကြောင်းသိရသည်ဟု DSNDA ကဆိုသည်။
စာတည်း-ML
ဓာတ်ပုံ – Danu State National Defence Army – DSNDA
ပုံစာ – သိမ်းဆည်းရမိသည့် ပစ္စည်းများ။