By Nway / MPA
၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပသည့် ရွာကို စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ လင်မယားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁၀ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ရွာကို စစ်တပ်က ပေါင် ၂၀၀ ဗုံး ကြဲချခဲ့ရာ အခမ်းအနားကျင်းပသည့် ဘောလုံးကွင်းဘေးရှိ အိမ်သို့ ဗုံးကျရောက်ခဲ့ကြောင်း သိရသည်။
” ညက ဗုံးကြဲသွားတာ။ လင်မယားနှစ်ယောက် ထိတယ်။ နေအိမ်လည်း ပျက်စီးသွားတယ် ” ဟု ကယန်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲ တက်ရောက်ခဲ့သူတစ်ဦးက ယနေ့ (ဧပြီ ၁၁ ရက်) နံနက်ပိုင်းတွင် MPA ကိုပြောသည်။
ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ် အခမ်းအနား ဧပြီ ၁၀ ရက်၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး လူဦးရေ တစ်သောင်းခန့် တက်ရောက်ခဲ့သဖြင့် ပွဲကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှု များပြားနိုင်ကြောင်း ၎င်းက ပြောသည်။
“ ကယန်းအမျိုးသားနေ့ပွဲလုပ်တာကို သိလို့ ဗုံးလာကြဲတယ်လို့ပဲထင်ပါတယ်။ ပွဲပြီးခါမှဖြစ်သွားလို့ ထိခိုက်မှုနည်းတာ။ မဟုတ်ရင် မတွေးရဲဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကယန်းစာပေနှင့်ယဉ်ကျေးမှုနာယကကြီးငါးဦးက ကယန်းအမျိုးသားမင်္ဂလာ ဖားစည်ကို ၂၅ ချက်တီးခြင်းနှင့် ကျွဲချိုခရာမှုတ်ပြီးအခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း ကယန်းစာပေနှင့် ယဥ်ကျေးမှုဗဟိုကော်မတီ (KLCC) က ဧပြီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁ ရက်တွင် လုပ်ကြံခံရပြီးကွယ်လွန်သွားသော ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌဟောင်း ခွန်းဖရန်စ္စကိုနှင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်း၊ ကယန်းအမျိုးသားအလံတင်ခြင်း၊ အလေးပြုခြင်း၊ ကယန်းအမျိုးသားသီချင်းသီဆိုခြင်းနှင့် ကယန်းဘုံအက ကခြင်းတို့လည်း ပြုလုပ်ခဲ့သည်။