By Mandy / MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တိုးမိသည့် ဒေသခံသုံးဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည့်အပြင် ပြည်သူ ၁၁ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(ဧပြီ ကိုးရက်)၊ နံနက် ရှစ်နာရီခန့်က ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အထိုင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းမကျေးရွာ၊ ဖိုးစီတောင်ခြေရင်း၌ မြေပဲနုတ်နေသည့် ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်ပြီး ၁၁ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ စစ်သားတွေက ပဲနုတ်တဲ့သူတွေကိုတွေ့တော့ သေနတ်နဲ့ပစ်တာ၊ အဲ့ဒီမှာ ခြေထောက်ကိုကျည်ထိတဲ့ကောင်လေးက ထွက်ပြေးပြီး ကျင်းတစ်ခုထဲမှာ ဝင်ပုန်းနေတာ၊ အဲ့ဒီဖြစ်စဉ်အကုန်သူသိတယ်။ ခြေထောက်သိပ်မသန်တဲ့ ကောင်လေးက ကျည်ထိတဲ့သူတွေကို မြင်ပြီး ကယ်ပါအုန်းအော်တော့ တစ်ခါတည်းပစ်သတ်လိုက်တာတဲ့၊ ကျန်တဲ့တစ်ယောက်က ဗိုက်ထိပြီး ဆေးရုံအသွားမှာ ဆုံးသွားတာ ” ကိုင်းမကျေးရွာ အနီးရှိ ယောကုန်းရွာသားတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုအတွင်း ကိုင်းမကျေးရွာ ဒေသခံများဖြစ်သည့် မသန်စွမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦးမှာ ခြေသလုံးထိမှန် ဒဏ်ရာရရှိခဲ့သည်။
“ မြေပဲနုတ်နေတာ နည်းနည်းပဲကျန်တော့တာပါ၊ အဲ့ဒါကိုစစ်ကြောင်း ရောက်လာပြီး သေနတ်တွေနဲ့ပစ်တဲ့အပြင် လူတွေပါ အကုန်ဖမ်းခေါ်၊ လှည်းနဲ့ နွားတွေပါ ယူမယ်လုပ်တာ၊ လူနာတွေကို ဆေးကုသပေးပါရစေ၊ လှည်းနဲ့နွားလေးတော့ ပြန်ပေးပါဆိုပြီး တောင်းပန်ရတယ်တဲ့၊ လူနာစောင့်ဖို့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေ ဖမ်းခံလိုက်ရတာ” ဟု သေဆုံးခဲ့သူတစ်ဦး၏ ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
ကိုးတောင်ဘို့ စစ်တပ်စခန်းနှင့် နီးစပ်သည့် ကျေးရွာများမှ ပြည်သူများ မိမိရွာ၌ မနေထိုင်ရန် လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသော်လည်း ဒေသခံများသည် စားဝတ်နေရေးအတွက် လယ်ယာများလာရောက်လုပ်ကိုင်ရာ၌ စစ်တပ်နှင့် တိုးကာ ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုများ ဖြစ်ပွားနေခြင်းလည်းဖြစ်သည်ဟု ဒေသခံများက ရှင်းပြသည်။
“ စစ်တပ်ဖမ်းသွားတာက အမျိုးသားနှစ်ဦး၊ အမျိုးသမီးကိုးဦးပါ၊ အားလုံး ကိုင်းမရွာကပါ၊ ဖမ်းခံရတဲ့သူတွေ ဘယ်လိုဖြစ်နေလဲတော့မသိဘူး။ သေဆုံးသွားတဲ့သူတွေကိုတော့ သင်္ဂြိုဟ်ပြီးပါပြီ ” ဟု ကိုင်းမရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ကိုးတောင်ဘို့ရှိ စစ်ကောင်စီစခန်းသို့ ထောက်ပို့မည့်လမ်းကြောင်းများကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားခြင်းကြောင့် ယင်းစခန်းရှိ စစ်သားများသည် အနီးအနားကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးကာ ကျွဲ၊ နွားများကို သိမ်းယူသည့်အပြင် ပြည်သူများကိုဖမ်းဆီးပြီး ရိက္ခာနှင့် လဲလှယ်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။
၂၀၂၃ခုနှစ်မှစတင်ကာ ကိုးတောင်ဘို့ အထိုင်စခန်းမှ စစ်ကောင်စီတပ်သားများသည် ပြည်သူများကို ဖမ်းဆီးပြီး ရိက္ခာနှင့် လဲလှယ်လုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လတွင် ဂုန်ညင်းလျှိုရွာမှ ကောက်စိုက်သမ ၁၁ဦးနှင့် အမျိုးသားသုံးဦး၊ ဒီဇင်ဘာလတွင် ရှားချောင်းရွာမှ ပြည်သူ ၃၇နှင့် ကျွဲရှစ်ကောင်၊ ၂၀၂၅ခုနှစ် မတ်ကလည်း ဂုန်ညင်းလျှိုရွာမှ ပြည်သူလေးဦးနှင့် နွားအချို့ကို ဖမ်းဆီးပြီး ရိက္ခာဖြင့် လဲလှယ်မှုများပြုလုပ်ခဲ့သည်။
စာတည်း-ကိုဆန်း