By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ် ကြဲချသည့် ဗုံးထိမှန်ခဲ့ရာ အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး ပြည်သူသုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (ဧပြီ ၁၀ရက်)မွန်းလွဲ ၁နာရီ မိနစ် ၄၀ခန့်တွင် ကောလင်းမြို့နယ်၊ အင်ပင်လှရွာရှိ စာသင်ကျောင်းသို့ စစ်တပ် ကြဲချသည့် ပေါင်၅၀၀ ဗုံးသီးနှစ်လုံးကျရောက်ခဲ့ရာ အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးနှင့် သက်ကြီးရွယ်အိုအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Kawlin Info ထံကသိရသည်။
” ဘာတိုက်ပွဲမှ မရှိပါဘူးဗျ။ အဲ့ဒီမှာ စစ်ရှောင်အနည်းငယ်နေတာပေါ့။ အဲ့ဒါလေးတွေရှိတယ်။ အဲ့ဒီမှာ ၁၄နှစ်အရွယ်မိန်းကလေးတစ်ဦးပျောက်ဆုံးနေတယ်။ ခုအသားစတွေ့တယ်။ တွေ့တဲ့အသားစက သူလို့ပဲယူဆရတယ်” ဟု Kawlin Info မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အချို့လည်း ပျက်စီးမှုရှိကြောင်းသိရသည်။
ဧပြီကိုးရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ့်ခမ်းကျေးရွာကို စစ်ကောင်စီတပ်က နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများစွာ သေဆုံးကြောင်းသိရသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စာတည်း-ML