By Nway / MPA
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးရှိ ကျေးရွာကို စစ်ကောင်စီတပ်က ညအချိန် ဗုံးကြဲခဲ့ရာ ခရစ်ယာန်ဘုန်းကြီးတစ်ပါးနှင့် ပြည်သူငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ကိုးရက်၊ ညကိုးနာရီခန့်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကိုးမိုင်ခန့်အကွာရှိ ဖွီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံးသီးနှစ်လုံး ကြဲချခဲ့ရာ ခရစ်ယာန်အမှုတော် ဆောင်တစ်ပါး၊ သက်ကြီးရွယ်အိုနှစ်ဦး၊ မသန်စွမ်းတစ်ဦး၊ ခုနှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် ရှစ်လသားအရွယ်ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း CDF- Mindat ထံက သိရသည်။
” အရပ်သားပြည်သူတွေနေတဲ့ ကျေးရွာကို ကြဲတာ။ ဗုံးကြဲလို့ အိမ်မီးလောင်လို့ အကုန်ပါသွားကြ တာ။ ရွာသားတွေက မီးငြှိမ်းချိန် ဗုံးထပ်ကြဲတော့ ဓမ္မအမှုတော်ဆောင်တစ်ပါး ဆရာရှယ်ထန်း ထပ်ထိတာပါ” ဟု CDF-Mindat၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနအဖွဲ့ဝင် တစ်ဦးက MPA သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် AGဘုရားကျောင်းနှင့် အသင်းတော်နေအိမ်များအပါအဝင် စုစုပေါင်း အိမ် ၁၀လုံးကျော်ပျက်စီးခဲ့ကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၂ရက်တွင် မင်းတင်းမြို့ကို ချင်းညီနောင်က အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲမရှိတော့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်ပြုလုပ်နေခြင်းဖြစ်သည်။