By Nway / MPA
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးများကို PDFတို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဧပြီကိုးရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်အရှေ့ဘက်၊ ဒမငယ်ရွာမှ တောင်ညို ကွက်သစ်သို့ ဆိုင်ကယ်နှစ်စီးဖြင့်ထွက်လာသော ပျူစောထီးခြောက်ဦးကို ကံစုရွာထိပ်တံတားအ ရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်၊ အမှတ်တစ်တပ်ရင်း၊ ၃၈၀၁ က ယနေ့ ( ဧပြီ ၁၀ ရက် ) သတင်းထုတ်ပြန်ထားသည်။
” သူတို့ (ပျူစောထီး) က အမြဲတမ်းကင်းပတ်လေ့ရှိပါတယ်။ ထွက်လာရင်လည်းလက်နက်က အမြဲပါပါတယ်။ ရှေ့ထွက်မိုင်းတစ်လုံးကွဲတယ်။ ဒဏ်ရာရသွားတဲ့ပျူတွေကို ဘယ်ကိုခေါ်သွားလဲဆိုဝာာတော့ မသိရဘူး ” ဟု သာယာဝတီခရိုင် အမှတ်တစ်တပ်ရင်း၊ ၃၈၀၁မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ဒမငယ်ရွာမှ ဆိုင်ကယ် ၁၀ စီးဖြင့် ပျူစောထီး ၂၀ ခန့် ထပ်မံရောက် ရှိလာကာ လက်နက်ငယ်များဖြင့် အခင်းဖြစ်နေရာဝန်းကျင်ကို ပစ်ခတ်ခဲ့ကြောင်း ယင်းပျူစောထီးတို့ကို ထပ်မံမိုင်းဆွဲခဲ့ရာ မိုင်းမကွဲသဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။
” သူတို့ဘက်ကပစ်တာတော့ ကျတော်တို့ရဲဘော်တွေ အထိအခိုက်မရှိပါဘူးခင်ဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။
နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာတွင် စစ်ကောင်စီအထိုင်ချဂိတ်စခန်းရှိပြီး ယင်းစခန်းရှိ အင်အားကို မသိရသော်လည်း ပျူများသည် ဘေးပတ်ဝန်းကျင်ရွာများသို့ ကင်းပတ်ထွက်လေ့ရှိကြောင်း သိရသည်။
ပျူစောထီးများ ဒဏ်ရာရမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။