By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့၊ စက်မှုနှစ် စစ်တပ်အထိုင်စခန်းမှ ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ကို PDFတို့ တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (ဧပြီ ကိုးရက်) နံနက် ခုနှစ်နာရီကျော်တွင် စက်မှုနှစ်မှ ရိက္ခာရှာထွက်လာသည့် တပ်စိတ်တစ်စိတ်ပါ စစ်တပ်ကို စက်မှုနှစ်အနီး၌ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
” တပ်စိတ်တစ်စိတ်စာ ခြောက်ကောင်၊ ခုနှစ်ကောင်ရှိမှာပေါ့။ တစ်စိတ်တစ်စိတ်စာထွက်ပြီးတော့ ရိက္ခာရှာတာပေါ့ဗျာ။ အစာရှာတာပေါ့။ အဲ့အချိန်မှာ ကိုယ့်ဘက်က သတင်းအရ သွားပြီးတော့ ပြောက်ကျားသွားလုပ်လိုက်တာပေါ့” ဟု မြိုင်ပကဖမှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ယင်းပစ်ခတ်မှု၌ စစ်သားများသည် သေနတ်အနည်းငယ်ပစ်ဖောက်ပြီး သေဆုံးသွားသည့် စစ်သားအလောင်းကို ထားခဲ့ကာ စက်မှုနှစ်ထဲသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA3 သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် အခြားခဲယမ်းပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်း တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ဓားမင်းကြီးတပ်ဖွဲ့၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု ၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ ကိုမုဆိုး ၊ ကိုစတီးနှင့်ကိုကင်းအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သား သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။