By Ra Wai / MPA
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် လိုင်းကြေးကောက်ပြီး ပြန်လာသည့် ရဲကား ပစ်ခတ်ခံရကာ စခန်းမှူးအပါအဝင် အရာရှိသုံးဦးသေဆုံးကြောင်းသိရသည်။
ဧပြီ ကိုးရက်၊ ညနေ လေးနာရီကျော်တွင် ကော့သောင်းမြို့နယ်၊ အေးချမ်းသာရွာ လုပ်ငန်းရှင်များထံမှ လစဉ်ကြေးကောက်ပြီး ပြန်လာသည့် မာရန်းစခန်းမှ ရဲ ကားတစ်စီးနှင့် ရှေ့ပြေးဆိုင်ကယ်တစ်စီးကို ဖော့သုတ်ရွာ သင်္ချိုင်းအနီး၌ ပစ်ခတ်ခဲ့ရာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ ကျတော်တို့စောင့်တာက သင်္ချိုင်းထဲမှာပါ။ ရှေ့ပြေးဆိုင်ကယ်ကပဲ ပစ်ခတ်မှုနည်းနည်းရှိပါတယ်။ ဆိုင်ကယ်နဲ့ရှေ့ပွိုင့်က နှစ်ယောက်မှာ တယောက်ကဒဏ်ရာရပါတယ်ဗျ” ဟု ကော့သောင်းမြို့နယ်ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ အင်းဘီလူးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ရှေ့ပြေးဆိုင်ကယ်ပေါ်၌ ပါလာသည့် တပ်ကြပ်ကြီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
” ဒဏ်ရာတွေနဲ့စခန်းကိုရောက်လာတယ်လို့ကြားသိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသွားသည့် ရဲအရာရှိတို့၏အလောင်းများနှင့်ကားကို အခင်းဖြစ်ပွားရာနေရာ၌ ထားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လာသယ်သွားသည်ဟု မကြားမိသေးကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် Ak သေနတ်နှစ်လက်၊ ၄၀မမတစ်လက်၊ ၉မမ တစ်လက်၊ ၃၈၀တစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ ကျည်ဘောက်ငါးခု၊ ကျည် ၄၉တောင့်၊ ၊ ၄၀မမဗုံးသီး ခြောက်လုံး၊ လက်ပစ်ဗုံး သုံးလုံး၊ ဖုန်းလေးလုံးနှင့် ထိုင်းဘတ် ၂၅၀၀၀တို့ သိမ်းဆည်းရရှိခဲ့ပြီး ပကဖရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းရဲများသည် အေးချမ်းသာရွာရှိ ရော်ဘာလုပ်ငန်း၊လူကုန်ကူးနှင့် မူးယစ်ဆေးရောင်းချသူများထံမှ လစဉ်ကြေးကောက်ခံပြီးပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။