By Ra Wai / MPA
အပစ်ရပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်သည့်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်တို့သို့ စစ်တပ်က နေ့စဉ်နီးပါး ဗုံးကြဲနေကြောင်းသိရသည်။
ဧပြီနှစ်ရက်မှစတင်ကာနိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် ကနီနှင့် ယင်းမာပင်မြို့နယ်တို့ကို မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတက်လာသည့် အင်ဂျင်တပ်လေထီး(ပါရာမော်တာ) များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖ ထံက သိရသည်။
” အပစ်ရပ်မယ်ပြောပြီးနောက်ပိုင်း နမခကနေ ပါရာမော်တာနဲ့ ဗုံးကြဲနေတာ။ နမခရဲ့ ပါရာမော်တာ လက်လှမ်းမီတဲ့ ဧရိယာထဲပါတော့ ယင်းမာပင်ခရိုင်က နေ့စဉ် သတိထားနေရပါတယ်။ ဖလမ်းမြို့နဲ့ အင်းတော်မြို့ သိမ်းခံရတဲ့ ခုနှစ်ရက်နေ့ ညပိုင်းကဆို နမခ ကနေ ရှက်ရမ်းရမ်းပြီး ဟောင်ဝှစ်ဇာတွေနဲ့ ယင်းမာပင်ခရိုင်ထဲကို ရမ်းပစ်ခဲ့သေးပါတယ်” ဟု ယင်းမာပင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
အပစ်ရပ်ကြောင်းထုတ်ပြန်သည့် ဧပြီ နှစ်ရက်မှ ကိုးရက်အထိ ဧပြီ ငါးရက်တစ်ရက်သာ ဗုံးကြဲတိုက် ခိုက် မှု ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ကနီနယ်နဲ့ ယင်းမာပင်နယ်က ပုံမှန်ကြဲပါတယ်ဗျ။ ငါးရက်နေ့ တစ်ရက်ပဲ နားပါတယ်ဗျ။ ငါးရက်နေ့က မုံရွာ၊ချောင်းဦး သွားကြဲလို့ နားတယ်ထင်တယ်” ဟု ၎င်းကပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်၊ သေဆုံး၊ ပျက်စီးမှုများကို MPA ကမေးမြန်းခဲ့ရာ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ယင်မာပင်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လေကြောင်းရန်နှင့် လက်နက်ကြီး အန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူများအား ပညာပေးဟောပြောပွဲများနှင့် သရုပ်ပြမှုများပြုလုပ်ပေးထားကြောင်း သိရသည်။
” အဲ့လိုမျိုးတွေ ပညာပေး သရုပ်ပြမှုတွေ လုပ်ခဲ့လို့လည်း အခုလိုမျိုး ထိခိုက်နည်းတာလို့ ကျတော်တို့ထင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်ကောင်စီတပ်သည် မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် နီးသည့် ကျေးရွာများကို တာဝေးပစ်လက်နက်ကြီးများ၊ ဂျက်ဖိုက်တာလေယာဉ်များနှင့် အင်ဂျင်တပ်လေထီးများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။