By Ra Wai / MPA
ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် အင်းအားအလွန်ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ၉၂ ကြိမ်ပြုလုပ်ခဲ့ရာ ယင်းအနက် စစ်ကိုင်းတိုင်းတွင် ၁၈ ကြိမ်နှင့် မန္တလေးတိုင်းတွင် ၁၈ကြိမ် ရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကသတင်းထုတ်ပြန်သည်။
“စစ်ကောင်စီက သူ့အလုပ်သူလုပ်တာ ဖြစ်တဲ့အတွက် အခုငလျင်ဒဏ် အဆိုးရွားဆုံးခံနေရတာတောင် လေယာဉ်နဲ့ ဗုံးကြဲမပျက်၊လက်နက်ကြီးနဲ့ ပစ်မပျက်ဘူးဆိုတဲ့အပေါ် ဘာမှ ပြောစရာမရှိဘူး။ စစ်ကောင်စီရဲ့ အလုပ်က လုထားတဲ့ အာဏာသက်ဆိုးရှည်ရေးပဲ။အခုလို ဘေးသင့်နေချိန်မှာတောင် တိုက်ခိုက်နေတာကို နိုင်ငံတကာသိအောင် ပြောပြဖို့လိုပေမဲ့ နိုင်ငံတကာဆိုတာလည်း ကျားတော့ ကျား၊စက္ကူကျားဆိုတာ မမေ့ဖို့လည်း လိုပါမယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုများ၌ အသက် ၁၈ နှစ်အောက် ကလေးငယ်ခြောက်ဦး၊ အမျိုးသမီး ၃၀ အပါအဝင် စုစုပေါင်း ပြည်သူ ၇၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူနှစ်ဦး၊ သေဆုံးသူစုံစမ်းဆဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရရှိသူငါးဦးရှိပြီး စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ခြောက်ဦး၊ ဒဏ်ရာရသူ ခုနှစ်ဦးနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ရှစ်ဦးနှင့် သေဆုံးသူစာရင်းစုံစမ်းဆဲဖြစ်ကြောင်း NUG ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေမှုများ အမြန် ဆုံးပေါ်ထွန်းလာစေရန်အတွက် နိုင်ငံတကာအနေနှင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးရာတွင် စစ်ကောင်စီမှ တစ်ဆင့် ကူညီခြင်းမပြုဘဲ အရပ်ဖက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများမှတစ်ဆင့် နည်းလမ်းများဖော်ထုတ်၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ ထောက်ပံ့ကူညီကြရန်လည်း NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဌာနက တောင်းဆိုထားသည်။