By Mandy / MPA
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့မှုကြောင့် ပြည်သူ တစ်ရာခန့်သေဆုံးနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယနေ့(ဧပြီ ကိုးရက်)၊ မွန်းလွဲ နှစ်နာရီ မိနစ် ၄၀ခန့်တွင် စစ်ကောင်စီက တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်နှင့် နေပြည်တော်လေတပ်တို့မှ ဂျက်တိုက်လေယာဉ်သုံးစင်းဖြင့် နမ်းခမ်းကျေးရွာ စာသင်ကျောင်းဟောင်း၊ ကျွန်းတောနှင့် ဆေးရုံများသို့ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ည ခြောက်နာရီခန့်တွင်လည်း ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးခုနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်သည်။
“ သေဆုံးသူ တစ်ရာလောက်ရှိနိုင်တယ်။ အခု ည ခြောက်နာရီလောက်ကို ထပ်ချလို့ ပါသွားတဲ့ အလောင်းတွေ မကောက်ရ၊ မကယ်ရသေးတာတွေရှိသေးတယ်ဗျ၊ ကယ်နေရင်းကို နောက်ထပ် ဗုံးလာချသွားတာ၊ ကယ်နေတဲ့သူတွေ မကယ်ရဲအောင် လုပ်တာ” ဟု နမ်းခမ်းကျေးရွာအတွင်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ပထမအကြိမ် ဗုံးကြဲမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်မှုများ ပြုလုပ်နေချိန် စစ်ကောင်စီက ဒုတိယအကြိမ် ဗုံးကြဲမှုကြောင့် ကယ်ဆယ်ရေးဆောင်ရွက်သူများပါ ထိခိုက်သေဆုံးခဲ့ရသည့်အတွက် သေဆုံးမှုများပြားခြင်းဖြစ်ကာ မကောက်ရသေးသည့် အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနေသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုကဲ့သို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နမ်းခမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
“ ဆေးရုံအပါအဝင် လူနေအိမ်တွေ အများကြီးထိတယ်။ မိသားစုလိုက်ပါသွားတာတွေလည်းရှိတယ်။ သမီးအကိုဆိုရင် ဆေးရုံရှေ့ သုံးထပ်တိုက်နားက ငါးအိမ်တန်းက လမ်းပေါ်ရောက်နေတာ၊ ဗုံးက အဲ့ဒီမှာ ပေါက်သွားလို့ ဆုံးသွားတယ် ” နမ်းခမ်းကျေးရွာ၊ အနောက်စက်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
နမ်းခမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခြင်းသည် ဧပြီ ခုနှစ်ရက် အင်းတော်မြို့ လက်လွှတ်ခဲ့ရသည်ကို ရှုံးမဲမဲသည့်အနေဖြင့် ပြည်သူများကို ရက်စက်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြည်သူများ ဆိုသည်။
နမ်းခမ်းကျေးရွာသည် အိမ်ခြေ နှစ်ထောင်ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ပြည်သူ တစ်သောင်းကျော်နေထိုင်သည့် ရွာလည်းဖြစ်သည်။ ယမန်နှစ်ကလည်း နမ်းခမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။
ဝန်းသိုမြို့သည် စစ်ကောင်စီ၏ ခမရ ၁၂၀ တပ်ရင်း အထိုင်ချထားသည့် မြို့တစ်မြို့ဖြစ်ပြီး အဆိုပါတပ်မှလည်း ပြည်သူများနေထိုင်များ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်။