By Hsu Yee/MPA
မွန်ပြည်နယ် ၊ ရေးမြို့နယ်အတွင်း စစ်တပ်မှ ထွက်ပြေးလာသည်ဟုဆိုသော စစ်သားတစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(ဧပြီ ကိုးရက်) နံနက်အစောပိုင်းတွင် ရေးမြို့နယ်၊ ကျောင်းရွာအနီး ရေးဘီလူး တပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေစဉ် ခမရ ၅၉၁ မှတပ်သားတစ်ဦးအား ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
“ ကျတော်တို့ သူ့ကို ဒီနေ့မနက် ဝေလီဝေလင်း ကျောင်းရွာနဲ့ မီတာ ၁၀၀ အကွာအဝေးမှာ သူ့ကိုဖမ်းမိတာပါ။ကျတော်တို့က လက်ရှိ ကျောင်းရွာနဲ့ မီတာ ၁၀၀ အကွာအဝေးလောက်မှာ ရှိတယ်ဗျ။ကျောင်းရွာမှာက အခြေစိုက်ကတော့ ၅၉၁ နဲ့ ၅၈၃ တပ်ရင်းနှစ်ရင်းရှိတယ်ပေါ့နော်။ ကျတော်တို့ကလည်း အခြေအနေတွေပေါ့နော်။ ကျေးရွာအခြေအနေတွေကို စောင့်ကြည့်နေတဲ့ အချိန်မှာ သူကယောင်လည်လည်နဲ့ ကျတော်တို့ဆီကို ရောက်လာခဲ့တဲ့အချိန် ဖမ်းဆီးရမိခဲ့တာ” ဟု ရေးဘီလူး တပ်ရင်းမှူး က MPA သို့ပြောသည်။
ယင်းတပ်သားသည် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှ ဖြစ်ပြီး ရန်ကုန်သို့ အလုပ်သွားလုပ်စဉ် ပေါ်တာဆွဲခံခဲ့ရကာ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ဖောင်ကြီးရှိ စစ်မှုထမ်းသင်တန်း အပတ်စဥ် လေးတွင် စစ်သင်တန်းတက်ရပြီးနောက် ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁၌ တာဝန်ကျခြင်း ဖြစ်ကြောင်း သိရသည်။
“ သူကတော့ ဒီတပ်ထဲကနေပြီးတော့ လုံးဝစစ်မှုမထမ်းချင်တော့လို့ ထွက်ပြေးလာခဲ့တာလို့ ထွက်ဆိုထားတာတော့ ရှိတယ်ဗျ။ကျတော်တို့ သူ့ကို ဖမ်းဆီးရမိတာကတော့ လက်နက်တွေ ခဲယမ်းတွေ ဘာတစ်ခုမှ မပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖမ်းဆီးရမိသောစစ်သားသည် ရေးဘီလူးအဖွဲ့နှင့် ချိတ်ဆက်ပြီး ထွက်လာခြင်းမဟုတ်သောကြောင့် စစ်ဆေးမှုများ သေချာပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်အတွင်း ရေးဘီလူးထံသို့ အလင်းဝင်လာသည့် စစ်သား ခြောက်ဦးရှိပြီး ယခုကဲ့သို့ အရှင်ဖမ်းမိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။