By Ra Wai / MPA
စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် မန္တလေးတိုင်းနှင့် ရှမ်းပြည် နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ် ပြုလုပ်ခဲ့သည်ဟု MDY PDF က သတင်းထုတ် ပြန်သည်။
ဧပြီ နှစ်ရက်မှ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲမည်ဟု ကြေညာထားသော စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များအပေါ် မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်တွင် နှစ်ကြိမ် ၊ မတ္တရာမြို့နယ်တွင် တစ်ကြိမ် ၊ သပိတ်ကျင်းမြို့နယ်တွင် ငါးကြိမ်၊ မိုးကုတ်မြို့နယ်တွင် တစ်ကြိမ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို သက်သေအထောက်အထားများနှင့်တကွ တွေ့ရှိရပြီး ယင်းတိုက်ခိုက်မှုများကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း MDY PDF ကဆိုသည်။
“စစ်ကောင်စီအတွက် ပြည်သူမပေးတဲ့အာဏာကို ရအောင်ရူးမယ်ဆိုတဲ့စိတ်ကလွဲ တခြားဘာမှမရှိ ကြောင်း ဖော်ပြလိုက်တာပါ။ငလျင်ကြောင့် ပြည်သူတွေ ဘယ်လောက်သေ၊သေ ငါတို့ အာဏာ သက် ဆိုးရှည်ရေးလောက် ဘာမှအရေးမကြီးဘူးလို့ လက်တွေ့သက်သေပြလိုက်တာ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။
မတ်လ ၂၈ရက်တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များအားလုံးသည် ငလျင် ဒဏ်သင့်နှင့် ဆက်စပ်ဒေသများ၌ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်မှတပါး ထိုးစစ်အားလုံးကို နှစ်ပတ် ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်၍ MDY PDF သည်လည်း စစ်ဆင်ရေးများ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် အချိန်နာရီမျှ မခြားဘဲ အရပ်သား ပြည်သူများ နေထိုင်ရာ မြို့ရွာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် ပြုလုပ်နေခြင်း၊မြေပြင်စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း လုံးဝ ရပ်နားခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း MDY PDF ကဆိုသည်။
စစ်ကောင်စီ၏ အပစ်ရပ် ထုတ်ပြန်ချက်သည် ငလျင်ဘေးကို အကြောင်းပြု၍ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ၎င်းတို့အတွက် နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ် မှုတစ်ခုသာဖြစ်ကြောင်းလည်း ဆိုသည်။