By Maung Dagon / MPA
ငလျင်ကပ်ဘေးဖြစ်ပွားချိန် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကို မကြိုက်ခြင်းကြောင့် နေရပ်ပြန်သွားခဲ့သည့် အိန္ဒိယကယ်ဆယ်ရေးသမား ဗာမာ၏ ပြောကြားချက်များသည် အိန္ဒိယနိုင်ငံအစိုးရ၏ သဘောထားမဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဧပြီ ခုနှစ်ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
အိန္ဒိယကယ်ဆယ်ရေးသမား ဗာမာက ပြီးခဲ့သည့် ဧပြီသုံးရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ငလျင်ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီ လုပ်ရပ်များကို ထောက်ပြသည့် စာများရေးသားခဲ့ခြင်းဖြစ်သည်။
“ ဤလူမှုကွန်ရက်မီဒီယာပို့စ်ကို တစ်ဦးတစ်ယောက်အား ရည်ညွှန်းပါသည်။ ၎င်းပို့စ်သည် အဆိုပါပုဂ္ဂိုလ်၏ ပုဂ္ဂလိကထင်မြင်ယူဆချက်ကို ဖော်ပြသည့် ပို့စ်သာဖြစ်နိုင်ပြီး အိန္ဒိယအစိုးရ၏ ရပ်တည်ချက်နှင့် မသက်ဆိုင်ပါ ” ဟု အိန္ဒိယသံရုံးက ထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီ၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံရှိ သတင်းမီဒီယာများတွင် သတင်းပေးပို့ခြင်းကိုရှောင်ကျဥ်ရန် အတွက်လည်း အိန္ဒိယနိုင်ငံသားများအား အကြံပြုတိုက်တွန်းသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မြန်မာငလျင်ဘေးသို့ ကူညီကယ်ဆယ်ရေး လာရောက်ခဲ့သည့် အိန္ဒိယကယ်ဆယ်ရေးသမား ဗာမာသည် စစ်ကောင်စီက ကယ်ဆယ်ရေးသမားများအပေါ် အစစ်အဆေး တင်းတင်းကျပ်ကျပ် ပြုလုပ်နေခြင်းအား မကြိုက်သဖြင့် အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ၄င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ မြန်မာပြည်သူများအတွက် စိတ်မကောင်းကြောင်း နှင့် အာဏာရှင်များ၏ သေနတ်ပြောင်းများရှေ့ ကယ်ဆယ်ရေး လုပ်၍ မရသဖြင့် ပြန်သွားခဲ့ရခြင်း ဟုရေးသားခဲ့သည်။
” ငလျင်အပြီး မြန်မာနိုင်ငံအနေနဲ့ ဆိုးရွားတဲ့အခြေအနေတွေကိုဖြတ်သန်းနေရချိန်မှာ အာဏာရှင်တွေရဲ့ သေနတ်တွေကြောင့် ဘာမှမတတ်နိုင်ပဲထိုင်ကြည့်မနေချင်တော့လို့” ဟု အိန္ဒိယ ကယ်ဆယ်ရေးသမား ဗာမာက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုကဲ့သို့ ငလျင်ဘေးသင့်နေချိန် စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကို ထောက်ပြခဲ့သည့် အိန္ဒိယနိုင်ငံသား၏ သဘောထားကို ကန့်ကွက်ခဲ့သည့် အိန္ဒိယအစိုးရလုပ်ရပ်သည် ဒီမိုကရေစီအတွက် အရှက်ရဖွယ်လုပ်ရဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။
“ သေနတ်ပြောင်းဝမှာ ကယ်ဆယ်ရေးတွေ မလုပ်နိုင်ဘူးပြောပြီး ပြန်သွားတဲ့ အိန္ဒိယ ကယ်ဆယ်ရေးသမားရဲ့ ပို့စ်က အိန္ဒိယနဲ့မဆိုင်ကြောင်း မိုဒီရဲ့သံရုံးက Screenshot ရိုက်တင်ပြီး ရှင်းပါတယ်။ ကယ်ဆယ်ရေးသမား ကြုံခဲ့ရတဲ့ အခြေအနေကို မိုဒီအစိုးရက စနည်းမနာဘဲ မျက်ကွယ်ပြုတဲ့အပြင် တကယ်အကူအညီလိုနေတဲ့ ပြည်သူတွေရှိတာ သိသိနဲ့ စစ်ကောင်စီဘက်က ကာရေးပေးတာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီအစိုးရကြီးရဲ့ ရှက်ဖွယ်လုပ်ရပ်ပါ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံအစိုးရသည် နိုင်ငံတကာ အစိုးရများနှင့် တွေ့ဆုံရာ၌ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားလေ့ရှိသော်လည်း တစ်ဖက်တွင်မူ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာငါးသန်းကျော် တန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများကို အိန္ဒိယကုမ္ပဏီများက ရောင်းချခြင်းများကို ခွင့်ပြုထားဆဲဖြစ်သည်။
ထိုကဲ့သို့ အိန္ဒိယနိုင်ငံရှိ ကုမ္ပဏီများက စစ်ကောင်စီကို လက်နက်ရောင်းချနေမှုနှင့် ပတ်သက်ပြီး ယခုနှစ်(၂၀၂၅ခုနှစ်) မတ်လအတွင်း ဆွီဒင်နိုင်ငံက Bahart Electronics Limited(BEL) ကုမ္ပဏီကို အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့သေးသည်။
စာတည်း-ကိုဆန်း