By Mandy / MPA
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့(ဧပြီ ခုနှစ်ရက်)ည ကိုးနာရီခန့်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
အင်းတော်မြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆ရက်မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှစ်လကြာတိုက်ခိုက်ပြီးနောက် ယနေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ လေကြောင်းကနေ အပြင်းအထန် ခုခံတဲ့ကြားကနေ အင်းတော်ကို ရပါပြီ၊ ကိုယ့်ဘက်ကလည်း ပေးဆပ်မှုအတော်ကြီးပါတယ်။” ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် (၁၆)ရက်က စတင်ခဲ့သော အင်းတော်မြို့သိမ်းတိုက်ပွဲသည် ခတ္တရပ်နားခဲ့သော်လည်း ယခုနှစ် မတ် ၃၁ရက်၌ ယခင်ကသိမ်းပိုက်ရန် ကျန်ရှိခဲ့သည့် ဂျပန်လိုဏ်ဂူကုန်းကို ထိုးစစ်ဆင်ပြီးနောက် ပဉ္စမအကြိမ်အဖြစ် မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
အင်းတော်မြို့သိမ်းတိုက်ပွဲ၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ခြောက်ဦးခန့်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကာလတစ်လျှောက် စစ်ကောင်စီတပ်က ဧပြီ တစ်ရက်နေ့တွင်ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေးကြိမ်၊ ဧပြီ နှစ်ရက်နေ့တွင် Y 12ဖြင့် ဗုံး ၃၅လုံးခန့်တို့ဖြင့် ခုခံခဲ့ပြီး ယနေ့ ဧပြီ ခုနစ်ရက်နေ့တွင်လည်း မိတ္ထီလာလေတပ်မှ Y-12၊ ဂျက်ဖိုက်တာများအပြင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတို့ဖြင့် အဆက်မပြတ် ခုခံခဲ့သည့်ကြားမှ ခက်ခက်ခဲခဲ မြို့အားသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။