By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်နေသည့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ခြောက်ရက်၊ ညနေ ခြောက်နာရီခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတက်လာသည့် အင်ဂျင်တပ်လေထီး (Paramotor) ဖြင့် ကုက္ကိုလ်စုရွာသို့ တစ်လုံးနှင့် အုတ်ကျင်းရွာသို့ တစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အုတ်ကျင်းရွာမှ အမျိုးသားတစ်ဦးနှင့် နွားတစ်ရှဉ်းသေဆုံးခဲ့ကြောင်း ရွာဇော်ကြီးတော်လှန်အသံက သတင်း ထုတ်ပြန်ထားသည်။
” ရွာထဲကျတာဗျ။ သေသွားတဲ့သူက သူ့အိမ်ကုတင်ပေါ်အိပ်နေတာ။ ဗုံးကဘေးကျတာ မိသားစုတွေအလှူသွားနေကြလို့ ရှိရင်ကျန်တဲ့သူတွေပါအကုန်သေမှာ” ဟု ဘုတလင်မြို့နယ်ပအဖ အဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
ကုက္ကိုလ်စုရွာသို့ ကြဲချသည့် ဗုံးသီးသည် ရွာအပြင်သို့ ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်၊ ပျက်စီးမှု မရှိကြောင်းသိရသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။