By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ညအချိန် စစ်တပ်က ဗုံးကြဲခဲ့ရာ အိမ်ထဲ၌ အိပ်နေသော မောင်နှမသုံးဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ခြောက်ရက်၊ ည ၁၁နာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့နယ်၊ သုံးပန်းလှကျေးရွာသို့ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတက်လာသည့် အင်ဂျင်တပ်လေထီး (Paramotor) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း Monywa Roads Information – MRI အဖွဲ့ထံမှ သိရသည်။
” အခြေအနေက အိမ်ပေါ်မှာ ကျရောက်ပြီးပေါက်ကွဲတယ်။ မီးလောင်ပြီး တစ်မိသားစုတည်း သုံးယောက် သေဆုံးသွားတာ။ မောင်နှမ အရင်းလို့ သိရတယ်” ဟု Monywa Roads Information – MRI အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူများ၏ အသက်အရွယ်ကို မသိရှိရသေးကြောင်း ၎င်းကပြောသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။