By Hlaing / MPA
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့အရှေ့ဘက် ကျေးရွာများတွင် စစ်မှုထမ်းရန် အသက်ပြည့်မီသူများ ထွက်ပြေးပါက မိသားစုဝင်များကို ဖမ်းဆီးမည်ဖြစ်ပြီး ကျေးရွာလူထုက ခုခံပါက စစ်တပ်ကိုခေါ်မည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၆ နှင့် မတ် ၂၇ ရက်တွင် စစ်ကောင်စီက မလှိုင်မြို့အရှေ့ဘက် ကျေးရွာအုပ်စု ငါးစုမှ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် ကိုရင်ဝတ်နှင့် လူငယ်များကို စစ်မှုထမ်းရန် စာရွက်များ လိုက်လံဝေငှခဲ့ပြီး၊ မတ် ၂၈ ရက်တွင် မလှိုင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဌာနသို့ လာရောက်၍ စစ်မှုထမ်းအစည်းအဝေးတက်ရောက်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအုပ်စု ငါးစု၌ ပါဝင်သည့် ကံကြီးကျေးရွာအုပ်စုတွင် ကံကြီး(တောင်)၊ ကံကြီး(မြောက်)၊ အလယ်ချောင်၊ သမုန်းပင်ချောင်၊ ကျော်ခေါင်၊ ကျောင်းစု(အနောက်)နှင့် ရွာသစ်ကလေးကျေးရွာ၊ ကူကြီးကုန်းကျေးရွာအုပ်စုတွင် ခုနှစ်ချက်၊ သရက်ကန်၊ ယာကြီးတော၊ ရွာသစ်၊ မျက်သီးကျင်း(တောင်)နှင့် ကူကြီးကုန်းကျေးရွာ၊ ရုံးတောကျေးရွာအုပ်စုတွင် ကျောင်းစု(အရှေ့)၊ ပျူကန်နှင့် ရုံးတောကျေးရွာ၊ နတ်စင်ကုန်းကျေးရွာအုပ်စုတွင် ငါးတပုန်၊ ကံ၊ ကံသစ်ကြီးနှင့် နတ်စင်ကုန်းကျေးရွာ၊ အုတ်ဖိုကန်ကျေးရွာအုပ်စုတွင် ကျင်း၊ အုတ်ဖိုကန်၊ အုန်နဲစုနှငျ့ တောင်ကုန်းကျေးရွာတို့ရှိ လူငယ်များကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။
“ မတ် ၂၈ ရက်နေ့က ထွေအုပ်ရုံးထဲမှာ အုပ်စုငါးစုလုံး အစည်းအဝေးလုပ်မယ်ဆိုပြီး ခေါ်တယ်။ လာကြတဲ့အထဲမှာ ယောင်္ကျားသားတွေမပါဘူး၊ အမျိုးသမီးတွေချည်းပဲ၊ မလာကြတဲ့သူကလည်း ပိုများပါတယ်။ အစည်းအဝေးစတဲ့အချိန်က နေ့လယ် တစ်နာရီကြီးဆိုတော့ ငလျင်လှုပ်တာနဲ့ အစည်းအဝေးက အထမမြောက်လိုက်ဘူး” ဟု မလှိုင်မြို့၊ ထွေအုပ်ရုံးသို့ အစည်းအဝေးတက်ရောက်ခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီ နှစ်ရက်တွင် ကူကြီးကုန်းကျေးရွာအုပ်စု ဥက္ကဌ ဦးရွှေမှ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် လူငယ်များအနေဖြင့် ထွက်ပြေးပါက ကျန်ရှိသည့် မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ နေအိမ်ချိတ်ပိတ်ခြင်းအပြင် ကျေးရွာလူထုအနေဖြင့် ခုခံပါက စစ်တပ်ကိုခေါ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
“ အခု ဥက္ကဌက ဦးရွှေ၊ သူ့နောက်မှာက သရက်ကန်ရွာက ငမှူးဆိုတဲ့လူရှိတယ်။ ငမှူးဆိုတဲ့လူက အရင်ကတည်းက ပိုက်ဆံလည်းရှိ၊ နာမည်ဆိုးရှိထားတော့ သူကိုယ်တိုင် ရှေ့မထွက်ရဲဘူး။ အဲ့ဒါကြောင့် ဦးရွှေကနေ ခြိမ်းခြောက်နေတာ” ဟု သရက်ကန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ဧပြီ သုံးရက်၌ မလှိုင်မြို့၊ ရုံးတောကျေးရွာမှ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် လူငယ်များကို မဲနှိုက်ရွေးချယ်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဌာနသို့ ဆင့်ခေါ်ထားသော်လည်း မည်သူမျှရောက်ရှိလာခြင်းမရှိ၍၊ မလှိုင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ယင်းနေ့ ညနေပိုင်းတွင် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အတင်းအဓ္ဓမ ဖမ်းဆီးခြင်းများ လုပ်ဆောင်ကာ လူဦးရေ ၇၀ ခန့် ဖမ်းဆီးသွားကြောင်း သိရသည်။
“ အသက် ၃၅ မကျော်သေးတဲ့ လူတွေကတော့ အလုပ်လုပ်နေရင်း ဘယ်အချိန် စစ်မှုထမ်းမဲပေါက်သွားမလဲ ဆိုပြီး စောင့်နေရသလိုပဲ၊ ကိုယ်လွတ်ရုန်းရင်လည်း နောက်မှာ မိသားစုက ဒုက္ခရောက်ဦးမယ်လေ” ဟု မလှိုင်မြို့မစျေးကြီးအတွင်း၌ ကျပန်းအလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းနောက် ဧပြီ လေးရက်၊ နံနက်ဗခြာက်နာရီခွဲတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မလှိုင်မြို့ပေါ်ရှိအထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့မရဲစခန်း၊ အမှတ် လေးရပ်ကွက်ဥက္ကဌ ဦးမျိုးဝင်း၏ နေအိမ်နှင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ ကို ဒရုန်းအသုံးပြု၍ ဗုံးသီး အလုံး ၃၀ ခန့်ကြဲချခဲ့ကြောင်း သိရသည်။
“ ဧပြီ လေးရက်နေ့က အုတ်ဖိုကန်အုပ်ကြီး စိန်ကြိုင်၊ အုန်နဲစုအုပ်ကြီး ချိုငြိမ်း၊ ကျင်းရွာအုပ်ကြီးတို့ သုံးယောက် အသတ်ခံရတယ်။ ခုနှစ်ချက်ရွာ တာဝန်ခံ ဗိုလ်ထူးဆိုတဲ့လူကလည်း ရွာထဲ PDF တွေရောက်နေပြီဆိုပြီး စခန်းကို လှမ်းတိုင်တော့ ခုနှစ်ချက်၊ ငါးတပုန်၊ ကံရွာဘက်က ကိုရင်တွေရော လူငယ်တွေရော ထွက်ပြေးနေရတယ်။ ဒီနေ့ထိပဲ” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ဧပြီ လေးရက်၌ပင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မလှိုင်မြို့အရှေ့ဘက်ရှိ သိမ်ကုန်းကျေးရွာနှင့် မိတ္ထီလာ – မလှိုင်လမ်းပိုင်းရှိ ကိုစာကြီးလမ်းခွဲအပါအဝင် မလှိုင်မြို့အနောက်ဘက်၊ မလှိုင် – တောင်သာလမ်းပိုင်းရှိ ရေနီ၊ ရေထွက်၊ မြစ်ကျင်း၊ ပန်းအိုင်၊ ကံကလေး၊ သဖန်းကန်၊ ရေခါးနှင့် ပေါက်ကံကျေးရွာတို့တွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းမှုများလည်း လုပ်ဆောင်ခဲ့သည်ဟု မျက်မြင်တွေ့ကြုံခဲ့ရသူအချို့က ဆိုသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်)၊ စက်တင်ဘာလမှ စတင်ကာ စစ်ကောင်စီသည် မလှိုင်မြို့နယ်အတွင်း ပေါ်တာဆွဲမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်း(၂၀၂၅ခုနှစ်)တွင် ပိုမိုပြုလုပ်လာခြင်းလည်းဖြစ်သည်။
စစ်မှုထမ်းဥပဒေစတင်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အရပ်သားများကို ရပ်ကွက်အလိုက် မဲနှိုက်၍ စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့သော်လည်း ထွက်ပြေးမှုများရှိလာသဖြင့် ယခုကဲ့သို့ အတင်းအဓ္ဓမ လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်ကာ စစ်သားစုဆောင်းနေခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမှတ်စဥ် တစ်ခုလျှင် သင်တန်းသားဦးရေ ၅၀၀၀ နှုန်း ခေါ်ဆောင်သွားမည်ဟု ပြောဆိုထားသော်လည်း မြေပြင်၌မူ ယခုထက် ပိုမို များပြားနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လတွင်လည်း စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၁ ခေါ်ယူထားကာ၊ ယခု ဧပြီလတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၂ အတွက် လူစုဆောင်းကာ သင်တန်းပေးနေကြောင်း သိရသည်။
စာတည်း-ကိုဆန်း