By Ra Wai / MPA
ငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း စစ်တပ်ကလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၆၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း ၆၃ ကြိမ်ပြုလုပ်ခဲ့ရာ သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၆၈ ဦး၌ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး ၁၅ ဦးပါဝင်ပြီး ဒဏ်ရာရသူ ၆၆ ဦးရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
” ငလျင်ဘေးကိုအကြောင်းပြုပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ NUG ရော အခြားတိုင်းရင်းသား တွေ ရော အပစ်အခတ်ရပ်စဲကြတယ်။ ဒါပေမယ့် စစ်ကောင်စီက ယနေ့ထိ လေကြောင်းနဲ့ပစ်တယ်၊ လက်နက်ကြီးနဲ့ထုတယ်ဆိုတာ စကစက သူ့ရဲ့အာဏာ၊သူ့စည်းစိမ်အတွက်ပဲ ကြည့်တာ သိသာထင် ရှားပါတယ်။ သမိုင်းတွေထဲမှာလည်း စကစရဲ့လုပ်ရပ်တိုင်းဟာ ပြည်သူအပေါ်မှာ ဘယ်တော့မှ ထောက်ထားခြင်းမရှိခဲ့ပါဘူး။ နာဂစ်တုန်းကလည်း အတူတူပါပဲဗျ” ဟု စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်သည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများအနက်ငလျင်ဘေးဒဏ်ဆိုးဝါးစွာခံစားနေရ သည့် စစ်ကိုင်းတိုင်းအတွင်း ၁၃ကြိမ်နှင့် မန္တလေးတိုင်းအတွင်း ရှစ်ကြိမ်ပါဝင်ကြောင်း NUGအစိုးရ၊လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဧပြီ နှစ်ရက်က ရက် ၂၀ကြာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီကြေညာပြီး နောက်တနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို တစ်ကြိမ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ကို တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီ သုံးရက်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းသို့ မြေပြင်စစ်ကြောင်းထိုးခဲ့ရာ ကျေးရွာခြောက်ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေမှုများ အမြန်ဆုံးပေါ်ထွန်းလာစေရန်အတွက် နိုင်ငံတကာအနေနှင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးရာတွင် စစ်ကောင်စီမှ တစ်ဆင့် ကူညီခြင်းမပြုဘဲ အရပ်ဖက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများမှတစ်ဆင့် နည်းလမ်းများဖော်ထုတ်၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီပေးကြရန်လည်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဌာနက တောင်းဆိုထားသည်။