Ra Wai / MPA
ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့် စစ်တပ်က စဉ့်ကူးမြို့ပေါ်ကို ဗုံးကြဲခဲ့ရာ ပြည်သူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ လေးရက်၊ မွန်းလွဲ ၂နာရီ ၄၉မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက် တာတစ်စင်းသည် မန္တလေးတိုင်း၊စဉ့်ကူးမြို့ ၊အမှတ်တစ်ရပ်ကွက်ပေါ်သို့ ဗုံးသီးတစ်လုံးကြဲချခဲ့ရာ လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှ သိရသည်။

” အဲ့နားကလေ နေအိမ်သေးသေး ခပ်စိပ်စိပ်ဆိုတော့ ကျတော်တို့လည်း မကောက်ရသေးဘူးပေါ့ နော်၊ စာရင်းက။ အနည်းဆုံး သုံးလုံးလောက်တော့ ပျက်စီးမှာပါ” ဟု ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးစလုံး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း စစ်တပ်က အစဉ်အလာမပျက် လုပ်ဆောင်လျက်ရှိ သည်။
၂၀၂၄ခုနှစ်၊ ဇူလိုင် ၁၇ရက်ကတည်းက စဉ့်ကူးမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးအင်အားစုတို့က သိမ်းပိုက်ထားခဲ့ပြီး ယခုထိတိုင် စစ်ကောင်စီကင်းစင်နေသော မြို့ဖြစ်သည်။