By Bala / MPA
ရှမ်း-ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့သို့ ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်တပ်က လက်နက်ကြီး အလုံး ၃၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီလေးရက်)နံနက် ရှစ်နာရီခွဲခန့်မှ မွန်းလွဲ နှစ်နာရီကျော်အထိ မိုးဗြဲအခြေစိုက် ခမရ ၄၂၂တပ်မှ မိုးဗြဲမြို့တွင်းသို့ လက်နက်ကြီး အလုံး၃၀ကျော် ပစ်ခတ်ခဲ့ကြောင်း MPA၏ မြေပြင်သတင်းရင်းမြစ်ထံက ပြောသည်။
“စစ်တပ်ဘက်က ထိုးစစ်ရော၊အပစ်ရောရပ်တယ်ဆိုလို့ မိုးဗြဲမြို့ကို ပြည်သူတွေပြန်ဖြတ်ကြတာပေါ့။ လိုင်းပေါ်တွေမှာလည်း စစ်တပ်ဘက်က အပစ်ရပ်တာတွေ တွေ့နေရတော့ ယုံပြီးဖြတ်ကြတာပါ။ မိုးဗြဲမြို့ထဲက အိမ်တစ်လုံးဆို လက်နက်ကြီးကျပြီး မနက်၁၀နာရီလောက်က မီးလောင်နေတာ။ အနီးအနားက အိမ်တွေကိုလည်းမီးကူးတယ်။လယ်ကွင်းတွေလည်းမီးလောင်သွားတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ယနေ့နံနက် ၁၁နာရီခွဲခန့်ကလည်း မိုးဗြဲအခြေစိုက် ခမရ ၄၂၂တပ်မှ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူရွာ သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အသက်၄၀အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မွန်းလွဲ ၂နာရီ မိနစ်၂၀ခန့်ကလည်း တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“အမျိုးသားတစ်ဦး လက်နက်ကြီးထိပြီး နေရာမှာတင် သေဆုံးသွားပါတယ်။သူ့အိမ်လည်း ထိသွားတယ်။ ပြည်သူသေသွားပြီးတော်တော်ကြာမှ တိုက်လေယာဉ်နဲ့ဗုံးလာကြဲ သွားတာ ပါ။ထိခိုက်သေဆုံးမှုသေချာတော့ မသိရသေးပါဘူး”ဟု ၎င်းကပြောသည်။

ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ကရင်နီပြည်နယ်တင်မက ဒေသများစွာတွင်ပါ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်သည်။
စစ်ကောင်စီ၏ အပစ်ရပ်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF )ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက “စစ်ကောင်စီက အပစ်ရပ်ကြေညာထားတယ်ဆိုပေမယ့် အပစ်ရပ်တဲ့နေ့မှာပဲ ကရင်နီထဲမှာရှိတဲ့ ကျတော်တို့ဂိတ်စခန်းတစ်ခုကို တိုက်ခိုက်တယ်။အခုအချိန်ထိ မရပ်မနားဘဲ လက်နက်ကြီးတွေဆက်ပစ်နေတယ်။သူ့အလုပ်သူဆက်လုပ်နေတယ်ပေါ့” ဟု ပြောသည်။
ပြည်သူများအနေနှင့် စစ်ကောင်စီ၏ အပစ်ရပ်ထုတ်ပြန်ချက်အပေါ် ယုံကြည်ကာ အိမ်ပြန်ကြည့်ခြင်းမျိုးနှင့် နေရပ်သို့ ခေတ္တပြန်ခြင်းမျိုး လုံးဝမလုပ်ရန် ၎င်းက သတိပေးသည်။
“စစ်ကောင်စီရဲ့အပစ်ရပ်ထားတယ်ဆိုတဲ့ထုတ်ပြန်ချက်တွေနဲ့ သူတို့ရဲ့လုပ်ရပ်တွေက လုံးဝတခြားစီဖြစ်နေတယ်ပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီနှစ်ရက်ကလည်း ဘော်လခဲမြို့နှင့် ဖားဆောင်းမြို့ကြားရှိ ထူးချောင်းဂိတ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့သေးသည်။
စာတည်း-ကိုဆန်း