By Ra Wai / MPA
စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ဗုံးနှစ်ကြိမ် ကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဧပြီ သုံးရက်၊ မွန်းလွဲ ၁၂နာရီ မိနစ်၄၀ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ခုနှစ်မိုင်ရွာအနီးသို့ စစ်တပ်က လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲချခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံက သိရသည်။
” ရွာထဲတော့ မကျဘူးဗျ။ ရွာနားကျတယ်လို့ပြောတယ်” ဟု ပြင်ဦးလွင်ခရိုင်ပကဖ၊ သတင်းတာဝန်ခံက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှု၌ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု မရှိကြောင်းသိရသည်။
” စကစ က ဘယ်တော့မှ သူတို့ပြောခဲ့တဲ့ စကားနဲ့ သူတို့ရဲ့ လုပ်ရပ်နဲ့ မတည်ဘူးဗျ။ ခုအချိန်မှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်။ ငလျင်ဒဏ်ကြောင့်မို့ တော်တော်ကို ဒုက္ခရောက်တယ်။ ကျတော်တို့ ပြင်ဦးလွင်ခရိုင်မှာဆို မတ္တရာနဲ့ စဉ့်ကူး အများဆုံးဒုက္ခရောက်တယ်။ ဒီအခြေအနေမှာ လေကြောင်းတိုက်ခိုက်မှု လုံးဝမလုပ်သင့်တဲ့ အနေအထား” ဟု ၎င်းကဆက်လက်ပြောသည်။
ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် ၎င်းတို့၏ ယုတ်မာမှုများကို ပိုမိုပေါ်လွင်လာစေကြောင်းလည်း ဆိုသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို မတ်၃၀ရက်မှ ဧပြီ၁၂ရက်အထိ ရပ်ဆိုင်းထားမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
အလားတူ ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စာတည်း-ML