By Hlaing / MPA
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့တွင် စစ်မှုထမ်းမဲနှိုက်ရာသို့ ရောက်လာခြင်းမရှိသည့် ကျေးရွာကို စစ်တပ်က ပေါ်တာဝင်ဆွဲခဲ့သဖြင့် လူငယ် ၇၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ၊ တတိယပတ်အတွင်း စစ်ကောင်စီက မလှိုင်မြို့အရှေ့ဘက် ကျေးရွာများတွင်နေထိုင်သည့် လူငယ်များကို စစ်မှုထမ်းရန်အတွက် စာရွက်များလိုက်လံဝေငှခဲ့ပြီး မလှိုင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဌာနသို့ လာရောက်မဲနှိုက်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
ယင်းသို့လိုက်လံဖိအားပေးသည်ကျေးရွာများအတွင်း ရုံးတောကျေးရွာလည်းပါရှိပြီး အသက်ပြည့်မီသည့်လူငယ်များ မဲနှိုက်ရန် အထွေထွေအုပ်ချုပ်ရေးဌာနသို့ဆင့်ခေါ်ထားသော်လည်း မည်သူမျှရောက်လာခြင်းမရှိသဖြင့် စစ်ကောင်စီက ဧပြီ ၃ ရက် ညနေပိုင်းတွင် ရွာအတွင်းသို့ ပေါ်တာဝင်ဆွဲခဲ့ခြင်းဖြစ်သည်။
“ ငလျင်မလှုပ်ခင်တည်းက ရွာသုံးရွာလောက် ထွေအုပ်ရုံးထဲမှာ မဲနှိုက်ပြီးပြီ။ မနေ့က ရုံးတောကျေးရွာကို မဲနှိုက်ဖို့ခေါ်တာ အုပ်ချုပ်ရေးမှူးအပါအဝင် ဘယ်သူမှမလာလို့ ညနေကျ ရွာကိုဝင်ပြီးဖမ်းတယ်။ လူငယ်တော်တော်များတယ်လို့ပြောတယ်။ ပါသွားတာ ၇၀ နီးပါးလောက် ရှိနိုင်တယ်။ ရဲစခန်းမှာ ချုပ်ထားတယ်” ဟု မလှိုင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ရုံးတောကျေးရွာသို့ စစ်တပ်ကဝင်ရောက်ပေါ်တာဆွဲပြီးနောက် စစ်မှုထမ်းရန်ဆင့်ခေါ်ခံထားရသည့် ငါးသူပုန်ကံရွာ၊ ကျင်းရွာနှင့် နတ်စင်ကုန်းရွာများမှ စစ်မှုထမ်းသက်ပြည့်မီသည့်လူငယ်များမှာ ရှောင်တိမ်းနေကြရကြောင်း သိရသည်။
လက်ရှိ မလှိုင်မြို့အနောက်ဘက်ရှိ ကျေးရွာ ၃ ရွာနှင့် မလှိုင် – မိတ္ထီလာလမ်းမပေါ်ရှိ ကိုစာကြီးလမ်းခွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြားရောက်ရှိနေပြီး မလှိုင်မြို့တွင်လည်း စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။
ထို့ပြင် ဧပြီ ၄ ရက်၊ နံနက် ၇ နာရီကလည်း မလှိုင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဌာနအပါအဝင် အမှတ် ၄ အုပ်ချုပ်ရေးမှူး ဦးမိုးဝင်းနေအိမ်၊ ငွေတိုက်စိုးပွဲရုံ၊ မြို့မရဲစခန်း၊ ဘုရားကြီးဝင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် နေရာများတွင် ဗုံး ၁၅ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး ဒရုန်းများ၊ ဂျက်ဖိုက်တာများလည်းပျံဝဲခဲ့ကြောင်း မြို့နေပြည်သူများကဆိုသည်။
“ ဒီနေ့က စျေးနေ့ကြီးဆိုတော့ ရွာကလာတဲ့ သူတွေလည်း လှည့်ပြန်ကုန်တယ်။ ရုံးတောမှာ ဝင်ဖမ်းတာရယ်၊ ဗုံးကွဲပြီး ဂျက်ဖိုက်တာတွေလည်း ပျံနေတော့ လမ်းမပေါ်လူသိပ်မရှိဘူး။ သဲကန်ရွာက အမျိုးသမီးတစ်ယောက် ခေါင်းကို ထိတယ်။ ထွေအုပ်ရုံးထဲမှာ ငါးလုံးလောက်ကွဲတယ်၊ စစ်မှုထမ်းမဲနှိုက်ရင် ထွေအုပ်ရုံးထဲမှာပဲ လုပ်တာ။ ဘယ်အဖွဲ့အစည်းက လုပ်မှန်းတော့ မသိကြဘူး” ဟု မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ခြောက်ရက်တွင်လည်း မလှိုင်မြို့အရှေ့ဘက် မလှိုင် – နွားထိုးကြီး ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ ဝါးခွကျေးရွာနှင့် အမြန်လမ်းမရှိ ကံကြီးလမ်းဆုံ၌လည်း ဂိတ်ချကာ အလုပ်သွား၊ အလုပ်ပြန်ဒေသခံများကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
“ စစ်မှုထမ်းပါမှာစိုးလို့ အကုန်လုံးကို ပစ်ထားခဲ့ပြီး တော်လှန်ရေးတပ်တွေထဲ ဝင်ဖို့ကလည်း အပြောလွယ်သလောက် အလုပ်ခက်တယ်။ ကျတော်တို့ ရွာဘက်တွေမှာ ဘာမှဖြစ်ဖြစ်ထွန်းထွန်းမရှိဘူး။ ပင်ပင်ပန်းပန်းလုပ်ကိုင်ရတဲ့အပြင် နေ့တိုင်း ဒီစစ်မှုထမ်းမဲနှိုက်တာကြီးကိုပဲ လန့်နေရတယ်” ဟု မလှိုင်မြို့အတွင်း နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် တောင်သူအမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် သုံးရက် နှင့် ငါးရက်၊ နံနက်ပိုင်း၌ စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မလှိုင်မြို့၊ မြို့မစျေးကြီးတောင်ဘက်ရှိ လေးတိုင်စဥ်၊ လွတ်လပ်ရေးကွင်း(လှိုင်သာယာ ပန်းခြံ) အတွင်းရှိ လူငယ်များနှင့် မြို့မစျေးအနောက်ဘက် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာလူငယ်များကို အဓ္ဓမဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ စစ်ကောင်စီသည် မလှိုင်မြို့နယ်အတွင်း ပေါ်တာဆွဲမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းအတွင်း ပိုမိုပြုလုပ်လာခြင်းလည်းဖြစ်သည်။
စစ်မှုထမ်းဥပဒေစတင်သည့်အချိန်တွင် အရပ်သားများကို ရပ်ကွက်အလိုက် မဲနှိုက်၍ စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့သော်လည်း ထွက်ပြေးမှုများရှိလာသဖြင့် ယခုကဲ့သို့ အတင်းအဓ္ဓမ လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်ကာ စစ်သားစုဆောင်းနေခြင်း ဖြစ်သည်။
စာတည်း – ကိုဆန်း