By Nway / MPA
စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုခြောက်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီသုံးရက်၊ မွန်းလွဲ ၁၂နာရီ ၂၂မိနစ်မှစ၍ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် စက်တပ်လေထီးနှစ်စင်းဖြင့် ကနီမြို့နယ်၊ မုဌောရွာနှင့် နတ်ကြီးရွာကို ဗုံး ငါးကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး တောင်ပျောက်ရွာကိုလည်း စက်သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
” ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီး မရှိပေမဲ့ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ရွာတိုင်း ဗုံးခိုကျင်းတူးဖို့လည်း စာထုတ်ထားတော့ တူးထားကြတယ်။ အဲဒါကြောင့် ဘေးကင်းကြပါတယ် ” ဟု ယင်းမာပင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ကအကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” မုဋ္ဌော၊ နတ်ကြီး ရေဆိပ်နဲ့ ရွာဘေးတွေမှာ ဗုံးသီးကျတာဗျ။ ရွာအပြင်ဘက်ကို ဗုံးသီးကျတာ။ တစ်နေရာစီခွဲကြဲတာ။ စကစကတော့ သူ့အလုပ် သူလုပ်နေမှာပါပဲဗျာ” ဟု KLG PDF – ကျောက်လုံးကြီးအဖွဲ့၊ ပြန်ကြားရေး တာဝန်ခံ ကိုAT က ပြောသည်။
အပစ်ရပ်သည်ဟူသော စစ်ကောင်စီ၏ ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်လည်း NUGကာကွယ်ရေးဝန်ကြီးဌာနကဆိုထားသည်။
ဧပြီသုံးရက်၌ပင် စစ်ကောင်စီသည် တောင်သာ၊ ဟုမ္မလင်းနှင့် သပိတ်ကျင်းမြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ညောင်ဦးမြို့နယ်ကို တင့်ကားနှစ်စီးဖြင့် စစ်ကြောင်းထိုးလာကာ ပြည်သူနေအိမ်များအား စက်သေနတ်ကြီးအပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စာတည်း-ML