By Bala / MPA
အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသည့် စစ်ကောင်စီက ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နှင့် ဖားဆောင်းမြို့ကြားရှိ ထူးချောင်း ဂိတ်စခန်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။
ယမန်နေ့ ဧပြီ ( ၂ရက် )၊ညနေ လေးနာရီ ၃၀မိနစ်က လခဲမြို့နှင့် ဖားဆောင်းမြို့ကြားရှိ ထူးချောင်းဂိတ်စခန်တစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနေ့က လေယာဉ်လာကြဲတာဟုတ်တယ်။ ရဲဘော်တစ်ယောက် တာဝန်ထမ်းဆောင်ရင်းနဲ့ လေယာဉ်ဗုံးကြဲတာထိပြီးကျဆုံးသွားတာရှိတယ်”ဟု ၎င်းက ပြောသည်။
အထက်ပါ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး ဘော်လခဲမြို့နယ်အခြေစိုက် စစ်ရေးအရင်းအမြစ်တစ်ဦးအား မေးမြန်းရာ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်းနှင့် အဆောက်အအုံပျက်စီးမှုများရှိကြောင်း MPAသို့ပြောသည်။
“ Y12လား ဂျက်လားသေချာမသိလိုက်ဘူး။ ဗုံးကြဲတာတော့ ပြင်းပါတယ်။ ဂိတ်စခန်းအနီးအနားက တော်တော်ထိသွားတယ်။ဗုံးအလုံးရေနဲ့ အကြိမ်ရေကိုတော့ သက်ဆိုင်ရာကထုတ်ပြန်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ နှစ်ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီအပစ်ရပ်စဲကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ထုတ်ပြန်ထားသော်လည်း ယနေ့(ဧပြီ နှစ်ရက်)၊ နံနက် ခြောက်နာရီ၊ ၅၇ မိနစ်မှ စတင်ကာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် စစ်ကိုင်းတိုင်း အင်းတော်မြို့တို့ကို ဗုံး ၃၁လုံးကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ၀ိုင်းမော်မြို့နယ် အခြေစိုက် ခလရ ၅၈တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်သို့ ပစ်ခတ်ရုံသာမက စစ်ကြောင်းထိုးမှုများကိုပါ လုပ်ဆောင်လျက်ရှိနေသည်။