By Hlaing / MPA
စစ်ကောင်စီက အပစ်ရပ်သည်ဟု ပြောသော်လည်း ဝိုင်းမော်၊ တောင်သာနှင့် ယင်းမာပင်မြို့နယ်၌ လေကြောင်းတိုက်ခိုက်၍ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
စစ်ကောင်စီက ဧပြီ နှစ်ရက်မှ ၂၂ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည်ဟု ထုတ်ပြန်ထားပြီး ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO) ကလည်း ဧပြီ နှစ်ရက်မှ ၂၂ရက်နေ့ထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်မည်ဟု တစ်ရက်အတွင်း ပြိုင်တူထုတ်ပြန်ခဲ့သည်။
သို့သော် စစ်ကောင်စီက အပစ်ခတ်ရပ်စဲမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ဧပြီ နှစ်ရက်က ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာကို မြေပြင်စစ်ကြောင်းထိုးပြီး ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီးပစ်ကူပေးခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်ခဲ့ကြောင်း ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။
“ စစ်ကောင်စီက ရက် ၂၀ အပစ်ရပ်တယ်ဆိုပေမဲ့ တကယ်မြေပြင်မှာ မရပ်ဘူး။ မနေ့ည(ဧပြီ နှစ်ရက်) ကလည်း ဒရုန်းတွေနဲ့ပစ်တယ်။ ဒီမနက်ထိလည်း လက်နက်ကြီးပစ်နေတာရှိတယ်။ အိမ်တွေတောင် တုန်တယ်” ဟု ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ် ကြားရှိ ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ယူရန်အတွက် လုံခြုံရေးယူသည့်အနေဖြင့် စစ်ကောင်စီက ဧပြီ နှစ်ရက် ညပိုင်းမှစ၍ ယနေ့(ဧပြီ သုံးရက်)၊ နေ့လယ်အထိ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက စစ်ကြောင်းထိုးနေသည့်အတွက် ယင်းမာပင်မြို့နယ်အတွင်းရှိ ကံကုန်း၊ ဒုန်းတော၊ ဂုန်တော၊ ရွာသာ၊ ကျေးစာကျနှင့် ဘိန်းနွယ်ချောင်ကျေးရွာတို့မှ ပြည်သူများ စစ်ရှောင်နေကြရကြောင်း သိရသည်။
“ ကံကုန်း၊ ဒုန်းတော၊ ဂုန်တော၊ ရွာသာ၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင် အဲ့ဒီရွာတွေ စစ်ရှောင်နေရပါတယ်။ ဧပြီ နှစ်ရက် ညပိုင်းမှာ နမခက ထွက်တဲ့ စစ်ကောင်စီသံပြားကာ ကားတစ်စီး အောင်ဇေယျတပ်ကုန်းကိုရောက်ပြီး လမ်းတလျောက်လုံခြုံရေးယူထားတာပဲ” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယင်းအပြင် ဧပြီ သုံးရက်၊ နံနက် သုံးနာရီခန့်တွင် မိတ္ထီလာ(မြေပြင်အတက်သင် လေတပ်စခန်း – လမသ) မှ တက်လာသော စက်တပ်လေထီး သုံးစင်းဖြင့် တောင်သာမြို့နယ် တစ်နေရာသို့ ဗုံးသီး ကိုးလုံးချ တိုက်ခိုက်ခဲ့ကြောင်း လေကြောင်းအန္တရာယ် သတိပေးချန်နယ်တစ်ခုဖြစ်သည့် ဝေဟင်တယ်လီဂရန်ချန်နယ်၌ ဖော်ပြထားသည်။
“ ကျတော်တို့ဆီက ငလျင်ကြောထဲမှာ မပါပေမဲ့ နောက်ဆက်တွဲအနေနဲ့ မီးမရ၊ ရေမရတာတွေရှိတယ်။ အဲ့ဒါအပြင် အခု စက်တပ်လေထီးကိုလည်း ကြောက်နေရတယ်။ ဖုန်းလိုင်းတွေက သိပ်မကောင်းသေးတော့ ဘယ်နေရာဖြစ်သွားမှန်း မသိရဘူး” ဟု အသက် ၃၀ အရွယ် တောင်သာမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်နောက်ဆက်တွဲကြောင့် ပြည်သူလူထုအား စာနာထောက်ထားငဲ့ညှာ၍သော်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်ထိ စစ်ကြောင်းထိုး၊ မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီက ထိုကဲ့သို့ လုပ်ဆောင်နေသော်လည်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က မတ် ၃၀ ရက်မှစ၍ သတင်းနှစ်ပတ်၊ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA၊ TNLA၊ AA) က ဧပြီ တစ်လ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) က ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ခုခံစစ်မှလွဲ၍ ထိုးစစ်အားလုံးရပ်နားထားမည်ဟု ကြေငြာထားသည်။
စာတည်း-ကိုဆန်း