By MPA
ရက် ၂၀ အပစ်ရပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့(ဧပြီ နှစ်ရက်) ညပိုင်းတွင် ထုတ်ပြန်ထားသည်။
လက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရနေသော တစ်နိုင်ငံလုံးရှိ ပြည်သူလုထုအား စာနာထောက်ထားခြင်းနှင့် ကူညီဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဧပြီ နှစ်ရက်မှ ၂၂ရက်နေ့အထိ ယာယီအရပ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။
သို့သော် ၎င်းတို့၏ တပ်စခန်းများနှင့် တပ်ဌာနချုပ်များကို တိုက်ခိုက်ခြင်း၊ အင်အားစုဆောင်းခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများပြုလုပ်ပါက တုန့်ပြန်သွားမည်ဟုလည်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင်ဆိုထားသည်။
“ မနေ့က တရုတ်ရဲ့ ကြက်ခြေနီကားယာဉ်တန်းတိုက်ခိုက်ခံရပြီးမှ အခုလိုစာထွက်လာတယ်ဆိုတော့ တရုတ်ရဲ့ဖိအားပါဖို့များတယ်။ မနေ့က(ဧပြီ တစ်ရက်)တင် မင်းအောင်လှိုင်က ဆက်လက်တိုက်ခိုက်သွားမယ်ပြောထားတာကနေ ဒီနေ့ ဒီလိုထုတ်တယ်ဆိုတော့ သူတို့ဖိအားအကြီးကြီးတစ်ခုခုနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်မယ် ” ဟု ပုလဲမြို့နယ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၉ရက်က လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ပြည်သူများကို စာနာသောအားဖြင့် ခုခံစစ်မှလွဲပြီး ထိုးစစ်အားလုံးကို မတ် ၃၀ရက်မှ စတင်ကာ ဧပြီ ၁၂ရက်ထိ ရပ်နားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကလည်း
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်သူများကို လူသားချင်းစာနာထောက်ထားမှုများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် တစ်လသာ တစ်ဖက်သတ် အပစ်ရပ်ဆဲကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် AA ၊ TNLA နှင့် MNDAA တို့က ဧပြီတစ်ရက်တွင် ပူးတွဲ ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ အပစ်ရပ်စဲခြင်းသည် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန်အတွက်ဟုလည်း ဆိုထားပြန်သည်။