By MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာအနီး၌ စစ်ကောင်စီက တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ ထောက်ပံ့ရေးယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအား စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းတို့လက်အောက်ခံ သတင်းဌာနများတွင် ဖြေကြားထားသည်။
“ အဲ့ဒီနေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကို သိရှိနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ ဧပြီ တစ်ရက်နေ့ ည ကိုးနာရီလောက်မှာ နောင်ချိုဘက်ကနေ ယာဉ်တန်းကိုးစီးလာတာကိုတွေ့ရပါတယ်။ တပ်မတော်လုံခြုံရေးအဖွဲ့အနေနဲ့ ဒီယာဉ်တန်းကိုတွေ့တဲ့အခါ တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ မီတာ နှစ်ရာလောက်အကွာကနေ မီးထိုးပြီး တားဆီးတယ်။ တားဆီးလို့မရပါဘူး။ မီတာ နှစ်ရာလောက်အကွာမှာ သေနတ်သုံးချက် မိုးပေါ်ထောင်ပစ်ခဲ့ပါတယ်။ ဒါနဲ့နောင်ချိုဘက်ကို ပြန်သွားတယ်လို့ အကြမ်းဖျင်းသိရပါတယ်” ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုကဲ့သို့ဖြစ်ပွားခဲ့ရခြင်းသည် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ၎င်းတို့၏ သံရုံးနှင့် စစ်သံရုံးများကို အကြောင်းကြားခြင်းမရှိသည့်အပြင် စစ်ကောင်စီကိုပါ အကြောင်းမကြားသည့်အတွက် သေနတ်ပစ်ဖောက်ကာ သတိပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံကြက်ခြေနီအသင်းက မြန်မာနိုင်ငံမြေငလျင်ဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာသည့် ကားကိုးစီးပါသည့် ယာဉ်တန်းကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA က ယနေ့(ဧပြီ နှစ်ရက်) တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့(ဧပြီ တစ်ရက်) ည ကိုးနာရီ၊ ၁၂မိနစ်တွင် တရုတ်နိုင်ငံကြက်ခြေနီအသင်း၏ ငလျင်ထောက်ပံ့ရေးယာဉ်တန်းကို စစ်ကောင်စီက နောင်ချို့မြို့နယ် ၊ အုမ္မတီးကျေးရွာ၌ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ကြောင့် အဆိုပါယာဉ်တန်းသည် မန္တလေးမြို့သို့ ခရီးမဆက်မည့်အကြောင်းကို စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် နောင်ချိုမြို့သို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု TNLA က ထုတ်ပြန်ထားသည်။