1 April 2025 By Hlaing / MPA
ကချင်ပြည်နယ်ရှိ မိုးညှင်းနှင့် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ် ၄၀ နီးပါး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်၊ ညနေ ငါးနာရီခွဲ၌ မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းဖြင့် မိုးညှင်းမြို့နယ်၊ ဂါးခရဲန်ကျေးရွာအနီးရှိ KIA တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၅ နယ်မြေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ လက်တလောကြားရတာတော့ စစ်သင်တန်းတက်မဲ့သူတွေလို့လည်း ပြောနေကြတာ၊ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတော့ တိတိကျကျမသိဘူးဖြစ်နေတယ်။ ဗုံးကြဲတာကတော့ အတည်ပြုပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထံ စစ်သင်တန်းတက်ရောက်မည့် လူငယ် အယောက် ၄၀ နီးပါး သေဆုံးကာ၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိနေသည်။
ထို့ပြင် ယနေ့(ဧပြီ တစ်ရက်)၊ နံနက် ခုနှစ်နာရီတွင် ၀ိုင်းမော်မြို့၊ လမြန်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းအသုံးပြု၍ ငါးကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ မတ်လ ၂၂ ရက်ကနေ ၂၅ ရက် ဝန်းကျင်ထိ လမြန်ရွာနားမှာ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ ဒီနေ့ ကြဲတာလည်း လမြန်ရွာကိုပဲလို့ ကြားတယ်။ ထိခိုက်တာ မရှိဘူး။ နေ့လယ် ၁၂ ဝန်းကျင်လောက်ကလည်း လေယာဥ်ဝဲနေတာ” ဟု ၄င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက်မှ စ၍ စစ်ကောင်စီက ချီဖွေ၊ ဆော့လော်၊ ကန်ပိုင်တည်နှင့် ဝိုင်းမော်မြို့အနီးရှိ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းအပါအဝင် ၄င်းတို့ လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ဝိုင်းမော်မြို့တွင် စစ်အင်အားဖြည့်တင်းလျက်ရှိပြီး၊ စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံ၌ ငလျင်ဒဏ်ခံစားနေရသော်လည်း စစ်ကောင်စီက ကချင်ပြည်နယ်ရှိ ဗန်းမော်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့တို့တွင် စစ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ လိုင်ဇာမှာက တရုတ်ဘက်ကနေ လေယာဥ်အချက်ပေးသံကြားရတော့ ကြိုတင်ရှောင်ရှားတာမျိုးတွေ လုပ်လို့ရတယ်။ ဒရုန်းနဲ့ကတော့ ချသွားမှ သိတာ” ဟု လိုင်ဇာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်၊ မကွေး နှင့် နေပြည်တောတို့၌ လူဦးရေ ၃၀၀၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကောင်စီက မတ် ၃၁ ရက်မှ ဧပြီ ခြောက်ရက်အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းနေ့အဖြစ် သက်မှတ်ကြောင်း ကြေညာထားသော်လည်း မြေပြင်၌မူ လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ် လုပ်ဆောင်လျက်ရှိနေသည်။
စစ်ကောင်စီက ထိုကဲ့သို့ လုပ်ဆောင်နေသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ငလျင်ဒဏ်ကို စာနာသောအားဖြင့် ခုခံစစ်မှလွဲ၍ ထိုးစစ်အားလုံး နှစ်ပတ်ခန့်ရပ်အားမည်ဟု ကြေညာထားသည်။
စာတည်း-ကိုဆန်း
Photo- မိုးညှင်းမြို့ သတင်းစုံ
ပုံစာ-မိုးညှင်းမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်