By MPA
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်သူများကို လူသားချင်းစာနာထောက်ထားမှုများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် တစ်လသာ တစ်ဖက်သတ် အပစ်ရပ်ဆဲကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် AA ၊ TNLA နှင့် MNDAA တို့က ဧပြီတစ်ရက်တွင် ပူးတွဲ ထုတ်ပြန်ကြေညာထားသည်။
အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးကြောင့် နောက်ဆက်တွဲငလျင်များကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအများအပြား၌ ပြည်သူများစွာ၏ အသက်အိုးအိမ်စည်းစိမ်နှင့် သာသနိက အဆောက်အအုံ၊ ဗလီ အပါအဝင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ငလျင်နောက်ဆက်တွဲ အခြေအနေများကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့်မြို့များတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်းလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ စိတ်လက်ကြည်သာစွာ လုပ်ကိုင်နိုင်စေရန် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးတကြီးနှင့် အရေးပေါ်ချက်ချင်း လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ အမြန်ဆုံး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အထူးလိုလားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အထက်ပါအချက်များကြောင့် ညီနောင်မဟာမိတ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် တုံ့ပြန်မှုမျိုးမှ လွဲပြီး မိမိတို့ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဘဲ ဧပြီ တစ်ရက်မှ ၃၀ရက်ထိ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်သည်ဟု ဆိုထားသည်။