By Hlaing / MPA
ငလျင်ဒဏ်သင့်နေစဉ်အတွင်း စစ်ကောင်စီက မြို့နယ် ၁၄ ခု ၌ စစ်ကြောင်းထိုး၊ မီးရှို့၊ ဗုံးကြဲမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်နှင့် မတ် ၃၀ ရက်တွင် စစ်ကောင်စီက ပခုက္ကူမြို့နယ်ရှိ ကန်တော်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ပခုက္ကူမြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံက MPA သို့ ပြောသည်။
“ ငလျင်လှုပ်ပြီးတဲ့အချိန်မှာ စစ်ကြောင်းထိုးတာ ရှိခဲ့တယ်။ မီးရှို့ခံရတာက ပခုက္ကူမြို့နယ်က ကန်တော်ကျေးရွာပါ။ စစ်ကြောင်းကတော့ ၃၀ ရက်နေ့အထိ ရှိနေတဲ့ အနေအထားပါ။ အိမ်ခြေ ၂၃၀ ကျော် မီးရှို့ခံရပါတယ်” ဟု ပခုက္ကူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံက ဆိုသည်။
အလားတူ မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်နေစဥ်အတွင်း စစ်ကောင်စီက ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာသို့ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် – DPLA မှ ရဲမေ ခြောက်ဦးနှင့် တပ်သား တစ်ဦး သေဆုံးခဲ့သည်။
ယင်းနေ့ ည ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ နွယ်ခွေနှင့် ရေပိုးစားကျေးရွာသို့ Praramotor (စက်တပ်လေထီး) ဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ပြီး၊ ညနေ ၃ နာရီခန့်တွင်လည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၉ ရက်တွင် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ(ပျူစောထီးကျေးရွာ) အနီးဝန်းကျင်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်၌ စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကုလာဘကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ နေအိမ်ဆိုင်ခန်းအချို့ပျက်စီးခဲ့သည်။
နှစ်ဖက်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်လည်း မတ် ၃၀ ရက် တစ်ရက်တာအတွင်း မြေပြင်စစ်ကြောင်းထိုးမှုများနှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့သည့်အပြင်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကိုလည်း ည ၁၁ နာရီခွဲခန့်၌ အသေခံဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
“ ငလျင်လှုပ်ပြီး နောက်ရက်တွေမှာ KIA ဘက်က ထိုးစစ်ရပ်ထားတယ်လို့ သိရတယ်။ မြေပြင်မှာ တိုက်ပွဲက ငြိမ်နေပေမဲ့ စစ်ကောင်စီက အခွင့်အရေးယူပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ ဗန်းမော်ကို တစ်ရက် ငါးကြိမ်အထက် လောက် ကြဲတာ၊ မနေ့ည(မတ် ၃၀ ရက်) ကလည်း လိုင်ဇာ တပ်မဟာ ၅ ဘက်ကို အသေခံဒရုန်းနဲ့ ကြဲသွားတယ်” ဟု စစ်ရေးအခြေအနေသိရှိသူ လိုင်ဇာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါ မတ် ၃၀ ရက်၌ပင် စစ်ကောင်စီက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တစ်နေရာကို ဗုံးကြဲတိုက်ခိုက်သည့်အပြင်၊ ပေါက်မြို့နယ်အနောက်မြောက်ပိုင်း တစ်နေရာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် စစ်ကောင်စီ၏ ရေတပ်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်းကုန်ဘွေကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခက်ခဲ့၍ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် ဦးဇင်းတစ်ပါး သေဆုံးခဲ့ပြီး၊ ခုနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၌ ဖော်ပြထားသည်။
မတ် ၃၀ ရက်၊ ညနေ ၆ နာရီခန့်တွင်လည်း စစ်ကောင်စီက ငလျင်ဒဏ်ခံစားခဲ့ရသည့် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် နေအိမ်မီးလောင်ပျက်စီးမှုများရှိခဲ့သည့်အပြင်၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ရွာသစ်ကုန်းကျေးရွာကိုလည်း စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခဲ့ကာ လေကြောင်းတိုက်ခိုက်မှုလည်း လုပ်ဆောင်ခဲ့သည်။
“ ငလျင်ဒဏ်ရော၊ ဗုံးကြဲတာရော ခံလိုက်ရတာ။ အသေအပျောက်မရှိပေမဲ့ ရွာထဲတော့ ဝင်မနေရဲကြသေးဘူး။ အခုဟာက နှစ်ခုလုံးကို ကြောက်နေရတာလေ” ဟု ပေါက်မြို့နယ်ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ မတ် ၃၀ ရက်၌ပင် စစ်ကောင်စီက မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကံပြား၊ သစ်ခေါက်တောင်၊ ပေါက်ကျင်း၊ ကိုင်းကြီး၊ ရစ်ပြင်နှင့် တောင်ဇင်ကျေးရွာတို့ကို ခြောက်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံပြည်သူ ၁၀၀၀၀ ဝန်းကျင်မှာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ယမန်နေ့ (မတ် ၃၁ ရက်)၊ ညနေ ၅ နာရီခန့်တွင်လည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ KIA တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၅နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ည ၁၀ နာရီခန့်တွင်လည်း စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အလာကပ္ပကျေးရွာကို ဝင်ရောက်စီးနင်းကာ သေနတ်များပစ်ဖောက်သည့်အတွက် ဒေသခံများ ညတွင်းချင်း တိမ်းရှောင်နေရကြောင်း သိရသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ၂၀၂၅ ခုနှစ်၊ မတ်လ (၂၉) ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ငလျင်လှုပ်ခက်မှုဒဏ်ကိုခံစားခဲ့ရသည့် မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများအပြင် စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုများ စဥ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိနေသည်။