By Ra Wai / MPA
ဖျက်အားပြင်းငလျင်ကြောင့် မြန်မာပြည်သူများစွာ အရေးပေါ်အကူအညီ လိုအပ်နေချိန်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။
မတ်လ ၃၁ ရက်၊ ညကိုးနာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့နယ် အရှေ့ခြမ်းနှင့် အရှေ့မြောက်ခြမ်းကြား ရှိ နွယ်ခွေကျေးရွာတစ်ဝိုက်ကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ တက်လာသည့် အင်ဂျင်တပ်လေထီး (Paramotor) ဖြင့် လေကြောင်းတိုက်ခိုက်မှုငါးကြိမ်ပြုလုပ်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖထံက သိရသည်။
” အပေါ်ကနေ လက်နက်ငယ်နဲ့ ပစ်သွားတာ။ ဗုံးသီချတာမဟုတ်ဘူး။ ညဘက်ဆိုတော့ သူတို့လည်း ရမ်းပစ်တယ်ထင်တယ်။ နွယ်ခွေရွာပတ်ဝန်းကျင်ကိုပစ်တာ။ နွယ်ခွေရွာထဲကိုမကျတာ” ဟု ချောင်းဦးမြို့နယ်ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
ယနေ့ (ဧပြီ တစ်ရက်) နံနက်ပိုင်း၌လည်း ချောင်းဦးမြို့နယ်အရှေ့ခြမ်းတစ်နေရာကို အင်ဂျင်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်နေပြီး အခြေအနေအသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းကပြောသည်။
” ချောင်းဦးအရှေ့ခြမ်းမှာဗျ။ အခုချိန်ထိ ထောက်နေတုန်းပဲ။ ကျတော်တာဝန်ကျတဲ့ စခန်းနဲ့ အဲ့နေရာကဝေးတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ငလျင်ဘေးကြောင့် ပြည်သူများ ဒုက္ခရောက်နေသည့်အချိန်၌ပင် အာဏာရူးနေသည့် စစ်ကောင်စီတပ်ကို ဝိုင်းဝန်းတွန်းလှန်သင့်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။
ဖျက်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်ကလည်း နွယ်ခွေကျေးရွာကို စစ်တပ်က အင်ဂျင်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။
ချောင်းဦးမြို့နယ်သည် ငလျင်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့သော စစ်ကိုင်းမြို့နှင့် မဝေးသော မြို့ ဖြစ်သည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို မတ်၃၀ရက်မှ ဧပြီ၁၂ရက်အထိ ရပ်ဆိုင်းထားမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။