By Ra Wai/MPA
ဖျက်အားပြင်းငလျင်ကြောင့် မြန်မာပြည်သူများစွာ အရေးပေါ်အကူအညီလိုအပ်နေချိန်တွင်စစ်ကောင်စီတပ်က မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယနေ့ (မတ်လ ၃၀ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ပေါက်မြို့နယ်၊ အနောက်မြောက်ပိုင်းတစ်နေရာသို့ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်( နမခ)မှ တက်လာသည့် Mi-17ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် ပေါက်မြို့နယ်၊ ကပစ ၂၄သို့ ဆင်းသက်သွားကြောင်း ပခုက္ကူခရိုင်အမှတ်၁၅တပ်ရင်းထံက သိရသည်။
“ အတိကျတော့မသိရသေးဘူးဗျ။ ကြဲတယ်ပဲသိရသေးတယ်။ ကျတော်တို့တပ်စိတ်နဲ့ ထပ်ပြီးဆက် သွယ် လို့ မရသေးဘူးဗျ။ ဖုန်းလိုင်းဆက်သွယ်လို့မရသေးလို့” ဟု ပခုက္ကူခရိုင်အမှတ်၁၅တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်သည့် နေရာအတိအကျနှင့် ထိခိုက်သေဆုံးမှုများကို ဖုန်းလိုင်းအခက်အခဲကြောင့် မသိရရှိရသေးပေ။
မတ်လ ၂၈ရက်ကလည်း ငလျင်လှုပ်ပြီးနောက် နောင်ချိုမြို့နယ်၊ နောင်လင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်သုံးလုံးနှင့် စာသင်ကျောင်းနှစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ကံကြီးကျေးရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်သဖြင့် ဓနုပြည် သူ့ လွတ်မြောက်ရေးတပ်တော်-DPLAမှ ရဲ မေခြောက်ဦးနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
ငလျင်ဘေးကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းအရှေ့၊ ပဲခူးနှင့် ရန်ကုန်တို့တွင် သာသနိကအဆောက်အအုံများ၊ ဘုရားစေတီများနှင့် လူနေအဆောက်အအုံများပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ထိခိုက်၊ သေဆုံးသူများလည်း များပြားခဲ့ကာ ယင်းဒေသများကိုလည်း စစ်ကောင်စီက အရေးပေါ်ဒေသများအဖြစ် ကြေညာထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ငလျင်ကယ်ဆယ်ရေးအတွက် ယနေ့ (မတ်လ ၃၀ရက်)မှ စတင်ကာ ထိုးစစ်များအားလုံး နှစ်ပတ်အကြာရပ်နားမည်ဟု ထုတ်ပြန်ထားသည်။
စာတည်း-ML