By MPA
ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ထိုးစစ်ခေတ္တရပ်စဲရေးနှင့် အရေးပေါ်ကူညီရေးများ လုပ်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့(မတ် ၂၉ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။
မတ် ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့တွင် အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့ပြီး လူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့သူများကို အရေးပေါ်ကုသမှုပေးရန် လိုအပ်လျက်ရှိသည်ဟု NUG ကဆိုသည်။
ထို့ကြောင့် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများအတွင်း ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးသင့် ဒေသများတွင် NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ခုခံကာကွယ်စစ်မှ တစ်ပါး ထိုးစစ်အားလုံးကို မတ် ၃၀ရက်မှ စတင်ကာ နှစ်ပတ်ကြာ ရပ်နားထားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သည့် မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက NUG နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် CDM ဝန်ထမ်းများက နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
ဆက်လက်ပြီး NUG ထိန်းချုပ်နယ်မြေများမှ ငလျင်ဘေးသင့်ပြည်သူများကိုလည်း နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကနဦး အမေရိကန်ဒေါ်လာ တစ်သန်းသုံစွဲသွားမည်ဟုလည်း ကြေညာထားသည်။
ထို့ပြင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ INGOs များအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန် NUG က ဖိတ်ခေါ်ထားသည်။