By Ra Wai / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် တိုင်းရင်းဆေးစက်ရုံရှိ အလုပ်သမားများ ထမင်းဝိုင်းသို့ စစ်တပ်ကြဲချသည့် ဗုံးများ ကျရောက်ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
ယနေ့ (မတ်လ ၂၈ရက်) နေ့ခင်း၁၂နာရီဝန်းကျင်တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂မှ တက်လာသည့် အင်ဂျင်တပ်လေထီး(Paramotor)ဖြင့် ဗုံးသီး သုံးလုံးကြဲချခဲ့ရာ ကမ္မမြို့အစွန်ရှိ ချမ်းစိမ့်တိုင်းရင်းဆေး စက်ရုံ ပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကမ္မတိုက်နယ်ပအဖထံက သိရသည်။
“ တိုင်းရင်းဆေးစက်ရုံမှာက အမျိုးသမီးဝန်ထမ်းတွေအများစု ရှိကြတာပါ။အလုပ်သမတွေ နေ့လယ် စာထမင်းစားနေတဲ့ ထမင်းဝိုင်းပေါ်ကို ကျတာပါဗျ” ဟု ကမ္မတိုက်နယ်ပအဖအဖွဲ့ဝင် တစ်ဦးက MPA သို့ပြောသည်။
သေဆုံးသွားသူနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် ဆေးခန်းရောက်မှ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေရာသည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာခြင်းမရှိသည့်နေရာဖြစ်ပြီး အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
” ဒေသတွင်းအမျိုးသမီးတွေ အလုပ်လုပ်တဲ့နေရာဖြစ်ကြောင်း သိလျက်နဲ့ ချတာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
မတ်လငါးရက်က ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂မှ တက်လာသည့် အင်ဂျင်တပ်လေထီးကို ကာကွယ် ရေးတပ်ဖွဲ့များမှ ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦးထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။