By Mg Dagon / MPA
နယ်မြေအပြည့်အဝမထိန်းချုပ်နိုင်တော့သော စစ်ကိုင်းတိုင်း အညာဒေသအတွင်းသို့ တစ်နှစ်ပတ်လုံးခရီးသွားများ မပြတ်ဝင်ရောက်နေသည်ဟု စစ်ကောင်စီခန့် ယင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝါဒဖြန့် ပြောသည်။
ယင်းတိုင်းရှိ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ယခုနှစ်အတွက် သုံးကြိမ်မြောက်အဖြစ် ယမန်နေ့ (မတ်လ ၂၇ ရက)က တိုင်းအစိုးရအဖွဲ့ရုံး၌ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးအတွင်း ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“တိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်းဟာ စိန်ခေါ်မှုများ ဒေသအခြေအနေအရ အကန့်အသတ်တွေရှိပေမဲ့ ရှေးဟောင်းယဉ်ကျေးမှုအနုလက်ရာများ၊ တန်ခိုးကြီးဘုရားများ၊ ဘာသာသာသနာဆိုင်ရာပွဲတော်များနဲ့ အခမ်းအနားများ အမြဲမပြတ်ရှိနေခြင်းကြောင့် တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည်များ မပြတ်ဝင်ရောက်နေပါတယ်” ဟု ဦးမြတ်ကျော်က ပြောသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကော်မတီအဖွဲ့ဝင်များနှင့် ခရီးသွားလုပ်ငန်းတာဝန်ရှိသူများအနေဖြင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး ပူးပေါင်းဆောင်ရွက်ကြရန် အဆိုပါတိုင်း၏ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ၎င်းက ပြောသည်။
သို့သော် စစ်ကိုင်းတိုင်းအတွင်းသို့ နှစ်စဉ် ခရီးသွားမည်မျှဝင်ရောက်နေသည်ဆိုသည့်ပမာဏကိုမူ စစ်ကောင်စီခန့်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခြင်းမရှိသကဲ့သို့ ထုတ်ပြန်ထားခြင်းလည်းမရှိပေ။
စစ်ကောင်စီခန့်ဝန်ကြီးချုပ်၏ ပြောကြားချက်ကို ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ယုတ္တိမတန်သည့်စကားရပ်အဖြစ် ဝေဖန်ပြောကြားကြသည်။
“ဒီလောက် တစ်တိုင်းလုံးလိုလို တိုက်ပွဲတွေဖြစ်၊ ဗုံးတွေကြဲခံနေရတာ။ ဘယ်က ခရီးသွားက လာမှာလဲ။ ကျတော်တို့မြို့တောင် ပြင်ပကလူ မလာရဲကြဘူး” ဟု စစ်ကိုင်းတိုင်းမြို့တော် မုံရွာက မြို့ခံ အသက် ၄၀ ကျော်အရွယ်ရှိအမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အတွင်း စစ်ဘေးရှောင်စခန်းတစ်ခုတွင် တိမ်းရှောင်နေရသူ အမျိုးသားတစ်ဦးကလည်း “ကျတော်တို့တောင် ပြေးနေကြရတာပါဗျာ။ မင်းကွန်းဒေသတောင် ဗုံးတွေကြဲခံနေရတော့ ကျန်တဲ့နေရာတွေဆို ပိုဝေးရောပေါ့” ဟု ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းမှ စတင်၍ တော်လှန်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး လေးနှစ်နီးပါးကာလအတွင်း စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသအတွင်းရှိ နယ်မြေအများစုကို စစ်ကောင်စီက မထိန်းချုပ်နိုင်တော့ဘဲ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MoD)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)လက်အောက်ခံတပ်များနှင့် ဒေသကာကွယ်တပ်များနှင့် ခွဲဝေအုပ်ချုပ်နေရသည့်အခြေအနေဖြစ်သည်။
မြေပြင်တွင် မစိုးမိုးနိုင်တော့သည့် စစ်ကောင်စီတပ်သည် လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်း၊ စက်တပ်လေထီးနှင့် လက်နက်ကြီး အစရှိသည့် လေကြောင်းနှင့် အဝေးကပစ်ခတ်နိုင်သည့် လက်နက်များကို အလွန်အကျွံသုံးစွဲပြီး တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို ခုခံနေရသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်း ယခင်က ပြည်တွင်း/ပြည်ပခရီးသွားများလာရောက်လေ့ရှိသည့် ရှေးဟောင်းစေတီများအပါအဝင် သမိုင်းဝင်နေရာများရှိသည့် မင်းကွန်းဒေသသို့ပင် လာရောက်မှုမရှိတော့ကြောင်း သိရသည်။
စာတည်း-ကိုဆန်း