By Hsu Yee/MPA
ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခြင်းခံခဲ့ရသည့် စဉ့်အိုးလဟာရွာ တပ်စခန်းတွင် စစ်သားရော လက်နက်အင်အားပါ တိုးမြှင့်ထားကြောင်း သိရသည်။
မတ်လ ၂၅ရက်၊ နံနက် နှစ်နာရီကျော်တွင် စဉ့်အိုးလဟာ စစ်ကောင်စီအထိုင်စခန်းကို KNLA နှင့် PDF တပ်တို့ ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်သား၁၂ဦး သေဆုံးကာ ၁၅ဦးခန့် ဒဏ်ရာရခဲ့ပြီးနောက် စစ်သားအင်အားရောစစ်လက်နက်များပါ တိုးမြှင့်လိုက်ကြောင်း ပဲခူးခရိုင် ၊ အမှတ် နှစ်တပ်ရင်း P2-3702 ထံက သိရသည်။
” အင်အားထပ်တိုးထားပါတယ်။ ကျောက်တံခါးကနေ အင်အားတိုးလာတာပါ။ စစ်ကြောင်းထိုး တာမျိုးတော့ မရှိဘူး “ ဟု ပဲခူးခရိုင် ၊ အမှတ် နှစ်တပ်ရင်း P2-3702 မှ တာဝန်ရှိသူက MPA သို့ပြောသည်။
စဉ့်အိုးလဟာရွာတပ်စခန်းတွင် လက်နက်ကြီးနှင့် ဒရုန်းများပါ ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။
“ အရင် သူတို့အင်အားကတော့ ၄၀ ပတ်ချာလည်လောက်ပေါ့။ အခု လူအင်အား ဘယ်လောက်တိုးလဲတော့ သေချာမသိရဘူး။ ဒါပေမယ့်၊ ဒရုန်းလာထိုင်ထားတယ်။ ပြီးတော့ လက်နက်ကြီးဆို ၈၁ ထိုင်ထားတယ်။ ဒရုန်းဘယ်နှစ်စင်း၊ လက်နက်ကြီး ဘယ်လောက်တိုး ထားတယ်တော့ အတိအကျမသိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ (မတ်လ ၂၇ရက်) နံနက်ပိုင်းတွင် စဉ့်အိုးလဟာရွာအခြေစိုက်စစ်တပ်သည် ဖျံသလင်း ၊ သမင်အင်းကုန်း ၊ နံစ နှင့် ကျိတ်ကွင်းရွာများသို့ လက်နက်ကြီးနှင့်ပစ်ခြင်း ၊ ဒရုန်းဖြင့်ဗုံးကြဲခြင်းများ ပြုလုပ်နေပြီး ဒေသခံများမှာ နေရပ်စွန့်တိမ်းရှောင်ခြင်းမရှိသေးဘဲ အိမ်ရှိ ဗုံးခိုကျင်းများ၌သာ ပုန်းခိုနေကြကြောင်း သိရသည်။
မတ်လ ၂၅ရက် တိုက်ပွဲတွင်ကျောက်တံခါး အခြေစိုက် ခမရ ၃၀၇တပ်ရင်းနှင့် ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄တပ်ရင်းမှ လက်နက်ကြီးနှင့်လေကြောင်း ပစ်ကူတို့ဖြင့် အပြင်း အထန်ခုခံခဲ့ကြောင်း Spring Warriors Columnမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ စခန်းက ကျနော်တို့ ၇၀ ရာခိုင်နှုန်းလောက်ထိ သိမ်းနိုင်ပြီးပါပြီ ။အဲ့နောက်မှာ သူတို့က မစ်ဇိုင်းတွေ ရော ၊ လေယာဉ်တွေရော ရောက်လာတာကြောင့် ရှေ့ဆက်တိုးဖို့ ဘယ်လိုမှအဆင်မပြေတော့လို့ ကျတော်တို့ ပြန်ဆုတ်ခဲ့ရတာပါ”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ လေကြောင်းမှ ကြဲချခဲ့သည့်ဗုံးများသည် စဉ့်အိုးလဟာရွာထဲသို့ ကျရောက်သဖြင့် ပြည်သူ့နေအိမ်များ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
“ ဒေသခံတွေကတော့ ကျတော်တို့သိရသလောက် ရှောင်နိုင်ခဲ့တယ်။ ဒေသခံအထိအခိုက်ကျဆုံးတာကိုတော့ မကြားမိသေးပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ပွဲအတွင်း ပဲခူးခရိုင် ၊ အမှတ်နှစ်တပ်ရင်း မှ ဆေးတပ်သား ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ရဲဘော်အချို့ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
မတ်လ၂၅ရက် တိုက်ခိုက်မှုကို ဗျူဟာ၂၅၊ တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ၂၊ အမှတ်၃၇၀၂တပ် ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း၉ တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စာတည်း-ML