By Ra Wai / MPA
မြိတ်-တနင်္သာရီလမ်းမကြီးကို စိုးမိုးရန် ရောက်ရှိလာသော စစ်ကောင်စီတပ်အား PDFတို့ တိုက်ခိုက်ခဲ့ရာ ၁၀ဦးခန့် သေဆုံးနိုင်ကြောင်းသိရသည်။
မတ်လ ၂၂ရက်မှစ၌ တနင်္သာရီမြို့နယ်၊ရမ်းဖိုကျေးရွာ၌ တပ်စွဲထားသည့် ခမရ ၅၅၆တပ်ကို မတ်လ ၂၆ရက်၊ နံနက် ခုနစ်နာရီခွဲဝန်းကျင်၌ ရမ်းဖိုကျေးရွာအပြင်ဘက် ဆီအုန်းကုန်း၌ PDF တို့တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်ကြာခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ မြိတ်)က သတင်းထုတ်ပြန်သည်။
” စကစ ဘက်က ၁၀ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနိုင်ပါတယ်။ မျက်မြင်က လေးဦးပါ။ကျန်တာခန့်မှန်းနဲ့ ရွာသားတွေရဲ့ပြောစကားပါ။အလောင်းကညက လာကောက်သွား တယ်” ဟု ပကဖ မြိတ်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ၊ ရဲဘော်ဂျိုးဖြူက MPA သို့ပြောသည်။
ရမ်းဖိုရွာသည် မြိတ်-တနင်္သာရီ လမ်းမကြီးဘေးတွင် တည်ရှိပြီး စစ်တပ်က အထိုင်ချတပ်စွဲခဲ့ခြင်းကြောင့် ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် တိုက်ခိုက်ခြင်းခံရပြီးနောက် ပြန်လည်ဆုတ်ခွာသွားခြင်းမရှိသလို အင်အားလည်း ထပ်တိုးထားခြင်း မရှိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမြိတ်၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တောကြီးမြွေဟောက်တပ်ဖွဲ့၊ နှင့် ပကဖဇုန်၃ အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML