By Hsu Yee / MPA
မွန်ပြည်နယ်၊ ရေးမြို့၊ အမှတ် ၈ အာရှလမ်းမကြီးပေါ်၌ အစည်းအဝေးသွားသည့် စစ်ကောင်စီ အိမ်စီးကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့(မတ်လ ၂၆ရက်) နံနက် ရှစ်နာရီဝန်းကျင်တွင် ရေးမြိုနယ်အခြေစိုက် ခမရ ၅၈၆ မှ ခမရ ၅၈၇ သို့ အစည်းအဝေးသွားသည့် စစ်သား ၁၀ဦးဝန်းကျင်ပါ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။
” တူးမြောင်းရွာနဲ့ လေယာဉ်ကွင်း အဟောင်းကြီးကြားမှာ ဖြစ်တာ။ ခရီးသွားကားတွေ ထိခိုက်မှုမရှိဘူး။ သေတာကတော့ တပ်ရေးအရာရှိ တစ်ဦးအပါအဝင် တပ်သားနှစ်ဦး ပေါင်းသုံးဦး ကျတယ်။ ကားသမားက မရပ်ဘဲ ကားကိုဆက်မောင်းသွားတာ။ကားကတော့ အတော်ပျက်စီးသွားတယ်။ မှန်တွေကွဲ၊ ဘော်ဒီပိုင်းတွေလည်း ထိပေါ့” ဟု ရေးဘီလူး အဖွဲ့ တပ်ရင်းမှူးက MPA သို့ပြောသည်။
ကားပေါ်ပါလာသည့် ကျန်စစ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားကြပြီး သေဆုံးသူများကို စစ်ကူများ ရောက်လာပြီးနောက် ခမရ ၅၈၇ သို့ လူနာတင်ယာဉ်ဖြင့် သယ်သွားကြောင်းသိရသည်။
“ စစ်ကူတွေတော့လာတယ်။ သူတို့ဘက်က စစ်ကူတွေက သူတို့ ကွမ်ဒူးကျေးရွာနဲ့ နှင်းစုံဘက်မှာ သူတို့ချထားတဲ့ လမ်းကင်းတွေက စစ်ကူအနေနဲ့ လာတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် ရေးမြို့အခြေစိုက် အမှတ်၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှင့် ခမရ ၅၈၆ မှ စစ်သားများသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် တူးမြောင်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် ရေးဘီလူးရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML