By Hsu Yee /MPA
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးနှင့် အခြားဝန်ကြီးများ မြေပြင်တွင် လူထု နှင့်တစ်သားတည်း ရပ်တည်ကာ ဦးဆောင်နေသည့်အပေါ် လေးစားဂုဏ်ယူကြောင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။
ယနေ့(မတ်လ၂၆ရက်) ကျင်းပသော NUGအစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီ သမ္မတက အထက် ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီလို ကျတော်တို့ အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြုလာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေ ရင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်။ ကျတော်တို့ တော်လှန်ရေးမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ကျတော်တို့ စုဖွဲ့မှု အားကောင်းလာလေလေ ကျတော်တို့ NUG အပေါ် အားတက်ယုံကြည်မှုတွေ ပိုမိုတိုးလာမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျတော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှု တွေဟာ သုံး၊လေး၊ငါးရက် ခရီးသွားလျှင်တောင် ကုန်အောင် မရောက်နိုင်တဲ့ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင်လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ်တွယ် နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင်ရေးမှာ တော်ရုံ ဇွဲသတ္တိနှင့် မရသလို၊ တော်ရုံ အားထုတ်မှုမျိုးနှင့်လည်း မရနိုင်ကြောင်း ဆိုသည်။
“ကျတော် တို့ဟာ အပင်ပန်းခံရဲရမယ်၊ အဆင်းရဲခံနိုင်ရမယ်၊ ကျတော်တို့ရဲ့ စိတ်နဲ့ ခန္ဓာဟာ ကျဉ်းထဲကျပ်ထဲမှာ ထုသားပေသား ကျအောင်၊ မာကျောနေရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း လတ်တလောကာလများအတွင်း စစ်ကောင်စီ သည် အရပ်သားပစ်မှတ်များဖြစ်သော ဘုန်းကြီး ကျောင်းနှင့် ဆေးရုံတို့ကို လေကြောင်းတိုက်ခိုက်မှု ပိုမို ပြုလုပ်လာကြောင်း ရန်သူသည် ရန်သူပီပီသသ အလုပ် လုပ်နေခြင်းကြောင့်တော်လှန်ရေးအင်အားစုများအနေနှင့် စုစုစည်းစည်း တက်ညီလက်ညီဖြင့် ယခုအခြေ အနေကို ကျော်လွှားနိုင်အောင် လုပ်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ပြောသည်။
စာတည်း-ML