By Hlaing / MPA
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေးလှုပ်ရှားမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လဆန်းမှစတင်၍ စစ်ကောင်စီက ဝိုင်းမော်မြို့တွင် စစ်ရေးပြင်ဆင်နေခြင်းဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က သိမ်းပိုက်ထားပြီး ဗန်းမော်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ပါက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့နယ်များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တည်ရှိရာ မြစ်ကြီးနားမြို့သို့ တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်သည့်အပြင်၊ KIA ထိန်းချုပ်ထားသည့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ ကံပိုင်တည်နယ်စပ်ဂိတ်ကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက်လည်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ မတ် ၁၇ ရက်လောက်ကဆို မြစ်ကြီးနားဘက်ကနေ ဝိုင်းမော်မြို့ဘက်ကို စစ်ကားတွေနဲ့ပို့တာ၊ ဆယ်စီးဝန်းကျင်လောက်တော့ ရှိမယ်။ အင်အားကိုတော့ မခန့်မှန်းတတ်ဖူး။ ဝိုင်းမော်မှာ အင်အားဖြည့်နေတယ်ဆိုတော့ တချို့ကတော့ ရှောင်နေကြပြီ” ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဝိုင်းမော်မြို့၌ စစ်ကောင်စီက အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေသည်။
ထို့ပြင် ပြီးခဲ့သည့် မတ် ၂၁ရက်မှ ၂၄ ရက်အထိ ဝိုင်းမော်မြို့၊ မြစ်ကြီးနား – ဝါရှောင်လမ်းမပေါ်ရှိ လမြန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စု၊ ဝိုင်းမော် – ကံပိုင်တည်လမ်းမပေါ်၌ တည်ရှိသည့် ခလရ ၅၈ တပ်ရင်းမှလည်း လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပေးသည့်အပြင် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။
“ ၂၃ ရက်နေ့ကဆို လက်နက်ကြီးသံတွေ ဆူညံနေတာပဲ၊ တချို့လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးရင် တိုက်ပွဲတွေဖြစ်တော့မယ်လို့ ကြားထားကြတော့ စိုးရိမ်နေကြတယ်။ ခလရ ၅၈ ပဲ ကျန်တော့ အဲ့ဒီ့ထဲလည်း အင်အားတွေဖြည့်တယ်လို့ ကြားတယ်” ဟု အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များအနေဖြင့် မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတား၊ မုတ်ခိုးတောင်ဘုရားရှေ့၊ ခက်ချိုလမ်းခွဲနှင့် ပြည်သူ့စစ်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း အသက် ၅၀ နှစ်အရွယ် မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ ဝိုင်းမော်နဲ့ မြစ်ကြီးနားက ဟိုဘက်၊ ဒီဘက်ပဲလေ၊ ဗလမင်းထင်တံတားမှာက ဝိုင်းမော်ဘက်ကလာတဲ့လူဆို ပိုစစ်တယ်လို့ ကြားတယ်။ မြစ်ကြီးနားမြို့ထဲမှာလည်း စစ်ကောင်စီက ကားတွေနဲ့ရော လှည့်ကင်းပတ်နေသလိုမျိုးတွေ တွေ့ရတယ်။ ဆွမ်ပရာဘွမ်ဘက်တက်တဲ့ လမ်းတွေမှာလည်း စစ်ကောင်စီတပ်တွေ ရှိတယ်” ဟု ၄င်းက ဆိုသည်။
လက်ရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဥ်အတွင်း စစ်ကောင်စီ၊ SNAနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နှင့် တနိုင်းမြို့နယ်တို့တွင် စစ်ရေးပြင်ဆင်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ် လုပ်ဆောင်လျက်ရှိနေသည်။
၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက်တွင် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ တပ်ရင်း အပါ အဝင် တပ်စခန်းများကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်ရှိတွင် ခလရ ၅၀ တပ်ရင်း တစ်ခုသာ ကျန်ရှိနေသည်။
၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ KIA က ကချင်ပြည်နယ်အတွင်း၌ စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်၊ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ ၁ အပါအဝင် လွယ်ဂျယ်၊ မိုးမောက်၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆော့လော်၊ ချီဖွေ၊ ကန်ပိုက်တည်၊ ဆဒုံး၊ မြို့လှ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနှင့် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။