By Nway / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပြင်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို PDF တို့ တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း သိရသည်။
မတ်လ ၂၅ရက်၊ နံနက်ကိုးနာရီကျော်မှ မွန်းလွဲ ၁၂နာရီခွဲကျော်အထိ ရွှေဘိုမြို့ပြင်ရှိ ကျွန်းတောနှင့် ဥသျှစ်ကန်သုဿန်တို့၌ ကင်းပုန်းဝပ်နေသော စစ်သား ၁၀၀ကျော်တို့ကို PDFတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲလည်း ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
” ကျတော်တို့ မြို့နယ်ရော၊ တိုက်နယ်အဖွဲ့တွေပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချတာ အလုံး ၅၀ ကျော်တယ်ဗျ။ထိတွေ့က ဥသျှစ်ကန်သုသာန်နားမှာ ဖြစ်တာ ” ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ရွှေဘိုမြို့ရှိ စစ်တပ်အခြေစိုက်ရာ ခလရ ၄၂တပ်၊ကညနရုံးနှင့် ကန်တော်စခန်းတို့မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
” လဲကျသွားသူတွေကို တရွတ်တိုက်ဆွဲခေါ်သွားတာဗျ။ လက်နက်ကို ပြေးကောက်မယ့်ဆဲဆဲမှာ ဟိုဘက် ( စစ်သားများ ) က တရစပ်ပစ်နေလို့ လက်နက်မကောက်ခဲ့ရတာ။ စာရွက်စာတမ်းတချို့နဲ့ စစ်ဦးထုပ်တွေ သိမ်းဆည်းရမိပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူများကို လူနာတင်ကားများဖြင့် ရွှေဘိုမြို့ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယနေ့ ( မတ်လ ၂၆ရက် ) မွန်းလွဲပိုင်းအထိ ရွှေဘိုမြို့ပြင်ရှိ ကျွန်းတောနှင့် ဥသျှစ်ကန်သုဿန်၌ စစ်သားများ ကင်းပုန်းဝပ်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)မှ ဦးဆောင်ကာ ရွှေဘိုမြို့နယ်ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့၊နှင့် တိုက်နယ်၅ (ပကဖ) အဖွဲ့ ၊တိုက်နယ်-၁ (ပကဖ) တိုက်နယ်-၂ (ပကဖ)တို့ မှပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။