By Ko Paing / MPA
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သန်းခေါင်ကျော်အချိန် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (မတ် ၂၅ ရက်)နံနက် ၂ နာရီ ၂၃ မိနစ်ခန့်တွင် KNLA နှင့် PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က လေယာဉ်၊ လက်နက်ကြီးနဲ့စစ်ကူများဖြင့် အပြင်းအထန် ခုခံခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု လေးနာရီကျော် ကြာခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်-၂ စစ်ဒေသခွဲက သတင်း ထုတ်ပြန်သည်။
“ပြန်ကြားရသလောက်ဆိုရင် စစ်တပ်မှာ ထောက်လှမ်းရေးသတင်းမရှိတော့ လာတိုက်မယ်ဆိုတာကို ကြိုမသိဘူး။ပြီးတော့ စခန်းထဲမှာလည်း လျော့ရိလျော့ရဲပဲဆိုတော့ အငိုက်မိပြီး ကောင်းကောင်းအနွှာ ခံရတာ။ ဖြစ်လာတော့မှ ထုံးစံအတိုင်း လေကြောင်းခေါ်တာပေါ့။ပြည်သူတွေလည်း ထိတယ်ကြားပေမဲ့ သေချာ မသိရသေးဘူး”ဟု ကျောက်တံခါးမြို့၊ကွင်းနောက်ရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။
တိုက်ပွဲအပြီးတွင် G-3 သေနတ်တစ်လက်၊လက်နက်ငယ်ကျည် များနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ တပ်ဖွဲ့ဝင် အချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ဗျူဟာ၂၅၊ တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ၂၊ အမှတ်၃၇၀၂တပ် ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း၉ တို့ ပူးပေါင်း ဆင်နွှဲခဲ့ ကြောင်း သိရသည်။
စစ်သားများ သေဆုံးး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။