By Hsu Yee / MPA
တနင်္လာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်လမ်းမကြီးပေါ်တွင် ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မတ်လ ၂၄ ရက်၊ နံနက် ကိုးနာရီဝန်းကျင်တွင် ရေဖြူမြို့နယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ်ရှစ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး RPG 7 တစ်လက် ၊ MA4 တစ်လက် ၊ MA3 တစ်လက် ၊ MA1 နှစ်လက်နှင့် ဆက်စပ်ပစ္စည်းအချို့ တော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
” အခုစစ်ကြောင်းက မနက် လေးနာရီလောက်ကပေါ့နော်။ စစ်ကြောင်းတစ်ကြောင်းလုံးကို ကားနဲ့လာပြီးတော့ချခဲ့တယ်။လမ်းကင်းအတွက်ဆိုပြီးတော့။ ဘယ်တပ်ရင်းကလဲဆိုတော့ ရေဖြူနဲ့ထားဝယ်ဘက်က တပ်ရင်းတွေပေါ့နော်” ဟု YePhyu People Defence Force -YPPDF မှ သတင်းနှင့်ပြန်ကြားတာဝန်ရှိသူက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ထားဝယ်မြို့နှင့်လည်းနီးပြီး တိုက်ပွဲအချိန် နှစ်နာရီကျော် ကြာခဲ့ကာ စစ်တပ်ဘက်က လက်နက်ကြီးနှင့် Paramotor ဖြင့် ပစ်ကူပေးခဲ့ရာ ညင်းထွေးရွာနေ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
“ လက်နက်ကြီး ပစ်ကူပေးတာကျ ရွာထဲတွေပဲကျတယ်။ အဲ့လိုဆိုတော့ အိမ်ပေါ်တည့်တည့် ကျပြီးတော့ ညင်းထွေးက သက်ကြီးပိုင်း ယောင်္ကျားတစ်ယောက်တော့ သေသွားတယ်လို့ ကျတော်တို့ ကြားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်က အိမ်စီးကားများဖြင့် စစ်ကူရောက်လာ၍ PDF တို့ ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် YePhyu People Defence Force -YPPDF တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။