By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသတွင် စစ်ကောင်စီကြောင့် မတ်လအတွင်း ဒေသခံ ၁၉ ဦး သေဆုံးခဲ့ကြောင်း MPA မှ ပြုစုထားသည့် စာရင်းများအရ သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လဆန်းမှစ၍ ယနေ့(မတ် ၂၅ ရက်) အထိ စစ်ကောင်စီက ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောနှင့် ကျောမြို့နယ်တို့တွင် ဖုန်းလိုင်းများဖြတ်တောက်ကာ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ထပ်မနည်း ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂန့်ဂေါ၊ ဆောနှင့် ထီးလင်းမြို့နယ်တို့မှ အရပ်သား ၁၉ ဦး သေဆုံးကာ၊ ၄၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက်၊ နံနက် ကိုးနာရီတွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာရှိ ပြည်သူ့ကျန်းမာရေးဆေးခန်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသည့် MiG 29 ဂျက်ဖိုက်တာ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ ဆရာဝန်ကြီး၏ မိသားစုအပါအဝင် ၁၂ ဦး သေဆုံးကာ၊ ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
“ ဂန့်ဂေါဘက်မှာက ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဒီနေ့ထိ(မတ် ၂၅ ရက်) ဘာမှမရသေးဘူး။ ပြည်သူတွေလည်း ထပ်ဖြစ်မှာ စိုးရိမ်နေကြတယ်။ ဆေးခန်းတည့်တည့်ကို ဗုံးကြဲသွားတာက မဖြစ်သင့်ဘူး” ဟု ဒေသတွင်းအခြေအနေကို သိရှိသူ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက်၊ နံနက် ၂ နာရီခန့်တွင် ထီးလင်းမြို့နယ်အရှေ့ဘက်ရှိ အလယ်ဘန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြု၍ ဗုံးသီး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ စစ်ရှောင်တွေကရှိတယ်။။ ပြည်သူတွေကရွာထဲမနေကြတော့ဘူး။ တောထဲက တဲတွေမှာဘဲ နေကြတော့တာ၊ ရွှေအိုးရွာနား တဝိုက်က တသီတတန်းပဲ” ဟု အကြည်ဘန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အလယ်ဘန်းကျေးရွာတစ်ရွာလုံးနီးပါး ပျက်စီးခဲ့ရကြောင်း သိရသည်။
ယင်းအပြင် မတ် ၁၉ ရက်တွင် ဂန့်ဂေါမြို့အနီးရှိ အောင်မြင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်လာသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။
“ ဂန့်ဂေါမြို့တောင်ပိုင်းမှာဆို မီးလိုင်းရော၊ ဖုန်းလိုင်းရော မရတာ၊ ကျတော်တို့လည်း ဆက်သွယ်ဖို့က ခက်ခဲနေတယ်။ ဆိုင်ကယ်နဲ့ သွားပြီး အကျိုးအကြောင်းမေးမှ သိရတာ၊ နောက်ဆက်တွဲအခြေအနေတွေကတော့ စုံစမ်းနေတုန်းပဲ” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ် ငါးရက်တွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက ဂန့်ဂေါမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းအား ထိန်းချုပ်နိုင်ရန်အတွက် အချက်အချာကျသည့် အောင်မြင်ကျေးရွာ၌ ဘန်ကာများဆောက်လုပ်ကာ တပ်စွဲနေထိုင်လျက်ရှိနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်ဒေသလည်း ဖြစ်သည်။