By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲတွင် PDF ရှော့တိုက်ဒုံး ထိမှန်ကာ အရာရှိ တစ်ဦးအပါအဝင် ကိုးဦးသေဆုံးကြောင်း သိရသည်။
မတ်လ ၂၃ ရက်၊ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် နမခ ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံး ပစ်ခတ်ခဲ့ရာ နှစ်လုံး အောင်ခဲ့ပြီး စစ်သည် ၁၆ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ ( မတ်လ ၂၄ ရက် ) ညပိုင်း၌ သတင်းထုတ်ပြန်သည်။
” ဒီတစ်ခေါက်က ထူးခြားတယ်။ သူတို့ဘက်က လုံးဝပြန်ပစ်တာမရှိခဲ့ဘူး။ ခါတိုင်းဆိုပစ်တယ်။ ပစ်မယ့်သူတွေပဲ ရှော့ဒုံး ထိတဲ့အထဲ ပါသွားလို့ ပြန်မပစ်နိုင်တော့တာလား။ အခြားအကြောင်းရှိလားတော့မသိဘူး။ ဘာပဲဖြစ်ဖြစ် မစ်ရှင်ကိုထိထိရောက်ရောက်လုပ်နိုင်ခဲ့လို့ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ မဟာမိတ်အဖွဲ့အားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ” ဟု BWM အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
နမခ အတွင်း ရှော့တိုက်ဒုံးထိမှန်မှုကြောင့် နမခ အုပ်ချုပ်မှုရုံး၊ရဟတ်ယာဉ်ဂိုထောင်နှင့် အမှတ် ၈၁ ဆက်သွယ်ရေးအလုပ်ရုံထဲရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းများလည်း မီးလောင် သွာကြောင်း သိရသည်။
” မီးဘယ်ချိန်ထိ လောင်လဲ၊ ဒဏ်ရာရရှိသူတွေ ဘယ်မှာထားလဲ ဆိုတာတော့ မသိရဘူးဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။
မုံရွာ နမခတွင် MI 17 စစ်ရဟတ်ယာဥ် နှစ်စင်း ပုံမှန်အတက်အဆင်းလုပ်နေကျ ဖြစ်သော်လည်း ယနေ့ ( မတ်လ ၂၄ ရက် )တွင် တစ်စင်းသာ အတက်အဆင်းလုပ်သည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် ရဟတ်ယာဥ်တစ်စင်းလည်း ထိခိုက်မှုရှိနိုင်ပြီး ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။